ထားဝယ်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ဖခင်ကို ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆို

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာက အိမ်မှာ စစ်ကားလေးစီး၊ အင်အား ၃ဝ ခန့်နဲ့ ဝင်ရောက်ရှာဖွေခဲ့ပြီး သူ့ကိုမတွေ့လို့ ဖခင်ကို ဖမ်းသွားခဲ့တာပါ။

ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး (ဝဲ)၊ ကိုမင်းလွင်ဦးအား ဖမ်းဆီးပေးရန် စစ်ကောင်စီဘက်က နှိုးဆော်ထားသည့်စာအား တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တစ်နေရာတွင် တွေ့ရစဉ်(ယာ)။ Citizen Journalist

ထားဝယ်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ဖခင် ဦးအောင်ဖေကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

သြဂုတ်လ ၁၃ ရက်နေ့က အသက် ၆၅ နှစ်အရွယ် ဦးအောင်ဖေကို ဖမ်းဆီးခံရပြီး ၅၅ ရက်အကြာမှာ မိသားစုဝင်တွေနဲ့ ပထမဆုံးတွေ့ခွင့်ပေးပြီး ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုလိုက်တာကို သိရတာလည်း ဖြစ်ပါတယ်။

သူ့အဖေမှာ အပြစ်မရှိဘဲ စစ်ကောင်စီဟာ သားကိုမရလို့ အဖေကိုဖမ်းတဲ့ပုံစံမျိုးလို့ ကိုမင်းလွင်ဦးက ပြောပါတယ်။

"ဒီလက်ပတ်တွေ၊ အင်္ကျီတွေဆိုတာ ကျွန်တော်အဖေနဲ့မဆိုင်ဘူး။ သားသမီးကိုမရလို့ မိဘကို ဖမ်းတယ်ဆိုတယ် ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့က တရားစွဲတင်လိုက်တာဖြစ်တယ်၊ ပုဒ်မ ၅၀၅ က ပြဋ္ဌာန်းချက်တွေ ကြည့်မယ်ဆိုရင်လည်း ကျွန်တော့်အဖေမှာ တရားစွဲတင်လောက်တဲ့ ပြစ်မှုထင်ရှားတာ မရှိဘူး။ ကျွန်တော်ယုံကြည်မှုအရ တော်လှန်ရေးလုပ်နေတဲ့အပေါ်မှာ သူတို့ကိုတော်လှန်နေလို့ အပြစ်ရှိတယ်လို့ ယူဆရင် ကျွန်တော့်မှာပဲ အပြစ်ရှိတယ်။ ကျွန်တော့်ကိုပဲ ဖမ်းလို့ရမယ်။ ကျွန်တော့်မိဘနဲ့ ဘာမှလည်း မဆိုင်ဘူး၊ ရတဲ့လူကို ဖမ်းဆီးထောင်ချတဲ့ပုံစံမျိုး"

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာက အိမ်မှာ စစ်ကားလေးစီး၊ အင်အား ၃ဝ ခန့်နဲ့ ဝင်ရောက်ရှာဖွေခဲ့ပြီး သူ့ကိုမတွေ့လို့ ဖခင်ကို ဖမ်းသွားခဲ့တာပါ။

စစ်ကောင်စီက သူ့နေအိမ်ကို ရှာဖွေရာမှာ ကျောင်းသားသမဂ္ဂလက်ပတ်နဲ့ နှင်းဆီရောင် အမျိုးသမီးသမဂ္ဂရဲ့ တီရှပ်အင်္ကျီတစ်ထည်တွေ့တဲ့ကိစ္စနဲ့ ဖခင်ဖြစ်သူကို ပုဒ်မ ၅၀၅ (က) တပ်ပြီး တရားစွဲဆိုလိုက်တာလို့ ကိုမင်းလွင်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လူထုသပိတ်လှုပ်ရှားမှုတွေကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တဲ့ ကိုမင်းလွင်ဦး ဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူဖြစ်ပါတယ်။

သူ့ကို ဖမ်းဆီးဖို့ သတင်းပေးနိုင်တဲ့သူတွေကို ကျပ်သိန်းသုံးရာ ပေးမယ်ဆိုပြီး စစ်ကောင်စီဘက်က ဓာတ်ပုံနဲ့တကွ လောင်းလုံးမြို့နယ်က လူစည်ကားရာနေရာတွေမှာ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ကိုမင်းလွင်ဦးရဲ့ မိခင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေးရက်ကြာ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org