မြန်မာပြည် အပြောင်းအလဲမှာ လူငယ်နဲ့ အမျိုးသမီးတွေ ပါဝင်ဖို့ အရေးကြီး
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အစပျိုး အပြောင်းအလဲတွေ မြင်တွေ့ရစ ပြုလာပြီလို့ ဆိုနိုင်ပေမဲ့၊ ပြောင်းလဲမှု အဆင့်တိုင်းမှာ လူငယ်တွေနဲ့ အမျိုးသမီးတွေ ပါဝင်ခွင့်ရှိရေးဟာ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး အတွက် အထူးအရေးကြီးကြောင်း မြန်မာနိုင်ငံကို (၈) ရက်ကြာ လေ့လာခဲ့တဲ့ အော်စကာဆုရ ဗြိတိန် နိုင်ငံသူ ရုပ်ရှင်မင်းသမီး Emma Thompson က ပြောလိုက်ပါတယ်။
-
2011-10-25 -
-
-
Action Aid အဖွဲ့ရဲ့ သံတမန် အဖြစ် မြန်မာနိုင်ငံကို လာရောက် လေ့လာသူ အော်စကာဆုရ ဗြိတိန် နိုင်ငံသူ ရုပ်ရှင်မင်းသမီး Emma Thompson နှင့် အဖွဲ့တို့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က လာရောက်တွေ့ဆုံစဉ်။
Action Aid
ဟောလိဝုဒ် မင်းသမီး Emma Thompson ဟာ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု လျှော့ချရေး စီမံကိန်းတွေကို အောက်ခြေ လူမှု အဖွဲ့အစည်းတွေနဲ့ပူးတွဲ ဆောင်ရွက်နေတဲ့ Action Aid အဖွဲ့ရဲ့ သံတမန် အဖြစ် မြန်မာနိုင်ငံကို လာရောက် လေ့လာခဲ့တာပါ။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး
အရေးတကြီး ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ရာမှာ -
"မြန်မာနိုင်ငံဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံစားနေရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ရာသီဥတု ဆိုးဝါးမှုဒဏ်ကို ခံစားနေရတဲ့ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံမှာ တွေ့ခဲ့ရတာမျိုးတွေ မြန်မာနိုင်ငံရဲ့ ဒေသ တစ်ချို့မှာလည်း တွေ့နေရပါတယ်။ တစ်ချို့နေရာတွေမှာ ဆိုရင် စိုက်ပျိုးရ ခက်ခဲတဲ့ ဒေသတွေ ဖြစ်နေပါတယ်။
အဆိုးဝါးဆုံးက ဆင်းရဲသား ပြည်သူတွေဟာ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍတွေမှာ အခွင့်အလမ်း မရှိဘဲ နိမ့်ကျနေတာ ဖြစ်ပါတယ်" လို့ရုပ်ရှင် မင်းသမီး Emma Thompson ပြောသွားပါတယ်။
ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ အပြင် ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား တစ်ချို့နဲ့လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ ပြောင်းလဲမှု
အခြေအနေ အပေါ် သဘောထား အမြင်တွေ မေးမြန်းခဲ့တယ်လို့သိရပါတယ်။
လေ့လာရေးခရီးမှာ တွေ့ကြုံခဲ့ရတဲ့ အချက် တစ်ချို့ကို ဗီဒီယို မှတ်တမ်း အဖြစ် Action Aid အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတကာ အနေနဲ့လည်း လက်ရှိ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှု အစပိုင်းကို လက်လွတ်မခံဘဲ ဝိုင်းဝန်း ပံ့ပိုးပေးကြဖို့လိုအပ်ကြောင်း မင်းသမီး Emma Thompson က
ဗီဒီယို မှတ်တမ်းက တဆင့် တောင်းဆိုလိုက် ပါတယ်။