သုံးနှစ်ကျော်အတွင်း ဘာသာရေးဆိုင်ရာပုဂ္ဂိုလ် လေးဆယ်ကျော် သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၇ ဦးနဲ့ အများဆုံး သေဆုံးခဲ့ပြီး သေနတ်နဲ့ပစ်ခတ်မှုကြောင့် ဒုတိယအများဆုံး ၁၂ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
-
RFA Burmese
2024-06-28 -
-
-
၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့အထိ စစ်အာဏာသိမ်း သုံးနှစ်ကျော်အတွင် နိုင်ငံတစ်ဝန်းမှာ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ် ၄၃ ဦးသေဆုံးခဲ့ပြီး ဒီနှစ်အတွင်း ၁၄ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၇ ဦးနဲ့ အများဆုံး သေဆုံးခဲ့ပြီး သေနတ်နဲ့ပစ်ခတ်မှုကြောင့် ဒုတိယအများဆုံး ၁၂ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဇွန်လ ၂၂ ရက်နေ့ ညပိုင်းက မန္တလေးတိုင်း မြင်းခြံမြို့နယ် စခမရွာ ဘုန်းကြီးကျောင်းက ဆရာတော် ဦးဥတ္တမဟာ မြင်းခြံမြို့ကို အရေးပေါ်လူနာတစ်ဦး ရပ်ကျေးလူနာတင်ယာဉ်နဲ့ ပို့ဆောင်စဉ် စစ်ကောင်စီတပ်ရဲ့ သေနတ်နဲ့ပစ်ခတ်ခံရပြီး ပျံလွန်တော်မူခဲ့တယ်လို့ ရေးသားထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီပစ်ခတ်မှုကို PDF တပ်ဖွဲ့တွေက ကျူးလွန်ခဲ့တာလို့ ဒဏ်ရာရသူ ဦးအောင်မျိုးသောင်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
AAPP ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လက်ခံဖြေဆိုတာ မရှိပါဘူး။
ဇွန်လ ၁၉ ရက်နေ့ကလည်း မန္တလေးတိုင်း ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ဆရာတော် ပျံလွန်မူခဲ့ပါတယ်။
ဒီဖြစ်စဉ်ကို စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း ကနဦး ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ဖြစ်စဉ်မှာ ပါဝင်တဲ့ ကန်သုံးဆင့်ဆရာတော်က ဒီပစ်ခတ်မှုကို စစ်ကောင်စီတပ်သားတွေက ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဇွန်လ ၂၀ ရက်မှာ သံဃာထုကို မိန့်ကြားခဲ့ပြီးနောက် စစ်ကောင်စီက ဝန်ခံခဲ့ပြီး ပြန်လည်စိစစ်အရေးယူမဲ့အကြောင်း ထုတ်ပြန်ခဲ့သလို ဇွန်လ ၂၄ ရက်နေ့မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တောင်းပန်တဲ့အကြောင်း စာပို့လျှောက်ထားခဲ့ပါတယ်။