ဂွမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ရာထက်မနည်း သေဆုံးကြောင်း AA ထုတ်ပြန်
စစ်ကောင်စီတပ်က ဂွမြို့မကျဖို့ အင်အား တစ်ထောင့်နှစ်ရာကျော်သုံးပြီး ခုခံကာကွယ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
-
RFA Burmese
2024-12-29 -
-
-
ရခိုင်ပြည်နယ် ဂွမြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးတချို့အပါအဝင် တပ်ဖွဲ့ဝင် ခုနစ်ရာထက်မနည်း သေဆုံးနိုင်ကြောင်း AA က ဒီဇင်ဘာ ၂၉ ရက်နေ့ညမှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က ဂွမြို့မကျဖို့ အင်အား တစ်ထောင့်နှစ်ရာကျော်သုံးပြီး ခုခံကာကွယ်ခဲ့တာဖြစ်ကြောင်းနဲ့ တွေ့ရှိရတဲ့ အလောင်းတွေ၊ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထွက်ဆိုချက်နဲ့ သိမ်းဆည်းရမိတဲ့ စာရွက်စာတမ်းတွေအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ရာထက်မနည်း သေဆုံးခဲ့တာကို သိရတာလို့ AA က ပြောထားပါတယ်။
စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှု အရေအတွက်ကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ရခိုင်ပြည်နယ် ဂွမြို့နယ်ကို ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လယ်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ပြောထားပါတယ်။
ဂွမြို့အခြေစိုက် ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ (ခမရ ၅၆၂) နဲ့ (ခမရ ၅၆၃) တပ်ရင်းတွေကို ဒီဇင်ဘာ ၁၅ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လယ်မှာ သိမ်းယူနိုင်ခဲ့တာလို့ AA က ဒီဇင်ဘာ ၂၉ ရက်နေ့ညမှာ ထုတ်ပြန်တာပါ။
ဂွမြို့ဒေသခံတွေကလည်း AA က မြို့ကို သိမ်းယူလိုက်ကြောင်း RFA ကို ပြောထားပါတယ်။ AA က သိမ်းယူလိုက်ပြီးနောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မြို့ပေါ်ကနေအိမ်တွေ မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်မ (၆၆)၊ တပ်မ (၁၁) နဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ တပ်ရင်တွေက စစ်ကူတွေကိုလည်း တိုက်ခိုက်ခဲ့ရကြောင်း AA က ပြောထားပါတယ်။ သံချပ်ကာတချို့၊ စစ်အသုံးအဆောင် လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းအများအပြားကိုလည်း တိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိပြီး ဂွမြို့အပါအဝင် မြို့နယ် ၁၄ ခုကို AA က သိမ်းပိုက်ထားပါတယ်။ ဒါကြောင့် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တော့ပါတယ်။