အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA အပြီးသတ် သိမ်းပိုက်

အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက RFA ကို အတည်ပြုပြောဆိုပါတယ်။

အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းစစ်ရုံးအဆောက်အအုံ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က AA ထုတ်ပြန်ထားစဥ်။ Screenshot From AA Info Desk’s Video

ရခိုင်ပြည်နယ် အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မှာ အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက RFA ကို အတည်ပြုပြောဆိုပါတယ်။

“ဒီနေ့ နေ့လယ် ၁၂ နာရီလောက်မှာ နပခဌာနချုပ်ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။ နပခရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းဦးစီး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကိုလည်း ဖမ်းဆီးရမိထားပြီး ဖြစ်ပါတယ်။ တခြား ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံဖမ်းဆီးနေတာ ရှိပါတယ်”

အမ်းမြို့နယ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က စတင်တိုက်ခိုက်တာဖြစ်ပြီး AA ထိုးစစ်ဟာ အချိန် သုံးလနီးပါး ကြာမြင့်ခဲ့ပါတယ်။

နပခဌာနချုပ်ကို အပြီးသတ် သိမ်းပိုက်လိုက်တာကြောင့် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အထဲက လက်ရှိမှာ AA သိမ်းပိုက်ထားနိုင်တဲ့ မြို့နယ် ၁၃ မြို့နယ်အထိ ရှိလာပါတယ်။

ဂွမြို့အနီးက စစ်ကောင်စီရဲ့ ခမရ-၅၆၃ တပ်ရင်းကိုလည်း AA က ဒီဇင်ဘာ ၂၀ ရက် ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဂွမြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာတွေ အပါအဝင် မြို့အနှံ့ကို ထိန်းချုပ်ထားနိုင်ပြီလို့ စစ်ရေးအခြေအနေကိုသိရှိတဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org