NLD အမတ် ဦးဝှေ့တင်းကို AA ပြန်လွှတ်ပေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD လွှတ်တော် ကိုယ်စားလှယ် ခူမီးအမျိုးသား ဦးဝှေ့တင်းကို အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုပြီး ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ရက္ခိုင့်တပ်တော် AA က ၂ဝ၂ဝ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်သည့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ခူမီးအမျိုးသား ဦးဝှေ့တင်း။ (Photo: Khumi Media Group)

ရခိုင်အပါအဝင် ချင်း၊ ခူမီး၊ မြို၊ ဒိုင်းနက်၊ သက်၊ လင်းကြဲ၊ မြာ စတဲ့ မျိုးနွယ်စုတွေဟာ ရခိုင်ဒေသအတွင်း နှစ်ပေါင်း များစွာကတည်းက အတူတကွ နေထိုင်လာခဲ့သူတွေဖြစ်သလို ရခိုင်နိုင်ငံတော်ကို စုပေါင်းတည်ဆောက်ခဲ့သူတွေ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ခူမီးအမျိုးသား ဦးဝှေ့တင်းကို လွှတ်ပေးတာဟာ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုဝင် ခူမီးလူမျိုးတွေအကြား အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုတွေ ပိုပြီးတည်ဆောက်နိုင်ဖို့နဲ့ ညီမျှသင့်မြတ်တဲ့ ညီအစ်ကိုအချင်းချင်းကြားက စိတ်ဓာတ်ကို ခိုင်မာစေချင်တဲ့အတွက် လွှတ်ပေးတာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက RFA ကို ပြောပါတယ်။

“ဦးဝှေ့တင်းကို ကျွန်တော်တို့ လွှတ်ပေးတာက အဓိကကတော့ ကျွန်တော်တို့ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုဝင် ခမီးလူမျိုးတွေအကြား အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် နားလည်မှုတွေကို ပိုပြီးတော့ တည်ဆောက် နိုင်အောင်ပေါ့နော် နောက်ပြီးလို့ရှိရင် ညီရင်းအစ်ကို ဆက်ဆံရေးတွေကို တဖက်နဲ့ တဖက် နားလည်မှု အပြည့်နဲ့ ညီမျှသင့်မျှတဲ့ ညီအစ်ကိုအချင်းချင်းကြားက စိတ်ဓာတ်ကို ပိုပြီးတော့ ခိုင်မာစေချင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်ဗျ”

ဦးဝှေ့တင်းကို မလွဲမရှောင်သာတဲ့ အခြေအနေ တစ်ခုအောက်မှာ ရက္ခိုင့်တပ်တော်အနေနဲ့ ယာယီထိန်းသိမ်း ထားရတာနဲ့ ပတ်သက်လို့ အသိပေးချက်တွေ ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရဲ့ လုံခြုံပြီး ဘေးအန္တရာယ်ကင်းတဲ့နေရာမှာ ဒီနေ့ ပြန်လည်လွှတ်ပေးလိုက်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လွတ်မြောက်ရေးအတွက် ကြိုးစားရာမှာ ရခိုင်မျိုးနွယ်စုအားလုံးမှာ တာဝန်ရှိတာကြောင့် စစ်မှုရေးရာ ကိစ္စတွေကို တာဝန်ထမ်းဆောင်လိုတဲ့သူတွေကို ကြိုဆိုနေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။

ပြန်လွတ်လာတဲ့ ဦးဝှေ့တင်းနဲ့ သူ့ရဲ့မိသားစုကို မေးမြန်းဖို့ RFA က ဖုန်းနဲ့ အကြိမ်ကြိမ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဦးဝှေ့တင်းဟာ ပလက်ဝမြို့က မိသားစုဆီ ဒီညနေမှာ ပြန်ရောက်သွားပြီး ကျန်းကျန်းမာမာတက်တက်ကြွကြွ ရှိတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က RFA ကိုအတည်ပြု ပြောဆိုပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့အချုပ် ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကတော့ ဒီသတင်းဟာ အစစ်အမှန် ဆိုရင် အားလုံးအတွက် မင်္ဂလာရှိတဲ့ သတင်းဖြစ်ပြီး ဦးဝှေ့တင်းလိုပဲ တခြား ဖမ်းဆီးထားသူတွေကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ပြောပါတယ်။

“တကယ်တမ်း အစစ်အမှန်ဆိုရင်တော့ ဒီဟာက အားလုံးအတွက် မင်္ဂလာရှိတဲ့ သတင်းပါပဲ။ စိတ်ချမ်းသာရမယ့် သတင်းပါပဲ ဒါကို ကြိုဆိုရမှာပါပဲ။ ဦးဝှေ့တင်းလိုပဲ တခြားဖမ်းဆီးထားတဲ့သူတွေရှိရင်လည်း အမြန်ဆုံး ပြန်လွှတ်ပေးပါလို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ”

AA ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ချင်း၊ ခူမီး၊ မြို၊ ဒိုင်းနက် စတဲ့ မျိုးနွယ်စုတွေဟာ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတာ မှန်ပေမယ့် ရခိုင်မျိုးနွယ်စု ဟုတ်မဟုတ် သူ့အနေနဲ့ မသိရှိသလို AA အဖွဲ့က စစ်မှုရေးရာကိစ္စတွေကို တာဝန် ထမ်းဆောင်လိုတဲ့သူတွေကို ကြိုဆိုနေကြောင်း ထုတ်ပြန်ထားတဲ့အပေါ် သူ့တိုဘက်က ဆန္ဒဖြစ်တာကြောင့် ထူးပြီးမှတ်ချက် မပေးလိုဘူးလို့ မုံရွာအောင်ရှင်က ပြောပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ပြန်လည်လွှတ်မြောက်လာတဲ့အပေါ် ဝမ်းသာကြိုဆိုကြောင်းနဲ့ ရခိုင်နဲ့ ချင်းတိုင်းရင်းသားတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းအလုပ်လုပ်စေချင်တယ် လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဆလိုင်းတေရ က ပြောပါတယ်။

“ကျွန်တော်တို့ တအားကြိုဆိုတယ် ပြီးတော့ ဝမ်းလည်းသာတာပေါ့နော်။ AA အပေါ်မှာလည်း အထူး ကျေးဇူးတင်တာပေါ့။ အခုလို ကောင်းမွန်စွာ ပြန်လည်လွှတ်ပေးတဲ့အပေါ် ကျေးဇူးတင်တယ်ပေါ့။ ချင်းနဲ့ရခိုင်ဆိုရင် အိမ်နီးချင်းလည်း ဖြစ်တယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ပြဿနာသက်သက် မဟုတ်ဘဲနဲ့ ပူးပေါင်းပြီးတော့ အတူတူချစ်ခင်ရင်းနှီးစွာနဲ့ အလုပ်လုပ်စေချင်တယ်ပေါ့။”

ဦးဝှေ့တင်းဟာ တပ်မတော်နဲ့ ပူးပေါင်းပြီး ပလက်ဝထဲက ဒေသခံ ရခိုင်တိုင်းရင်းသားအချို့ အဖမ်းခံရအောင် တပ်မတော်ကို သတင်းပေးခဲ့ကြောင်း ဦးဝှေ့တင်းဟာ တပ်မတော်ရဲ့ လက်ကိုင်တုတ်ဖြစ်နေတဲ့အတွက် ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေမှာ AA က ထုတ်ပြန်ထားတာရှိပါတယ်။

ဦးဝှေ့တင်း ပြန်လွှတ်ပေးရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းဆွေးနွေးခဲ့သလို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ မိသားစုဝင်တွေက ပြန်လည်လွတ်မြောက်ရေးအတွက် အကူအညီပေးဖို့ ဝ လက်နက်ကိုင်အဖွဲ့ UWSA အဖွဲ့ထံ စာပို့အကူအညီ တောင်းခံခဲ့တာလည်း ရှိပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ ပြီးခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တက်ရောက်ဖို့ ပလက်ဝမြို့ကနေ နေပြည်တော်လာရာလမ်းမှာ အိန္ဒိယနိုင်ငံသား တွေနဲ့အတူ ရက္ခိုင့်တပ်တော် AA ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပါ။ အဲဒီထဲက အိန္ဒိယနိုင်ငံသား တစ်ဦး အ‌‌‌‌‌မောဖောက်သေဆုံးခဲ့ပြီး ကျန်လေးဦးကိုတော့ ဖမ်းဆီးပြီး မကြာခင်မှာတင် ပြန်လွှတ်ပေးခဲ့ပြီး ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီးထားတာဖြစ်ပါတယ်။

ဦးဝှေ့တင်းဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်တာကြောင့် ဒီနေ့ ပြန်လည် လွှတ်မြောက်လာတဲ့နေ့အထိဆိုရင် အချိန်နှစ်လခွဲကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org