ရခိုင်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် နှစ်နှစ်အတွင်း စျေး ရှစ်ခုမီးလောင်

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ၁၅ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၄၂ ကြိမ်နဲ့ မီးရှို့ဖျက်ဆီးမှု နှစ်ကြိမ်လုပ်ခဲ့တာလို့ AA ရဲ့ စစ်တမ်းက ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ စနဲမြို့ရှိ စနဲစျေး မီးလောင်နေသည့် မြင်ကွင်းအား ၂ဝ၂၄ ခုနှစ် မေလ ၉ ရက်နေ့က တွေ့ရစဉ်။ Photo: Arakan princess Media

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှု‌ကြောင့် နှစ်နှစ်အတွင်း ရခိုင်ပြည်နယ်က စျေး ရှစ်ခု မီးလောင်ပြာကျခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဒီစျေးတွေပျက်စီးခဲ့တာဟာ ၂၀၂၃ နို၀င်ဘာလကနေ ၂၀၂၄ မေလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေ‌ကြောင့် ဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ၁၅ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု ၄၂ ကြိမ်နဲ့ မီးရှို့ဖျက်ဆီးမှု နှစ်ကြိမ်လုပ်ခဲ့တာလို့လည်း AA ရဲ့ စစ်တမ်းက ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ ရမ်း‌ဗြဲ၊ ကျောက်ဖြူနဲ့ စစ်တွေမြို့ စတဲ့မြို့တွေက စျေး ရှစ်ခု မီးလောင်ပြာကျခဲ့တာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ စနဲမြို့က စျေးနဲ့ကားဂိတ်ကို မေ ၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးရှစ်လုံး ကြဲချခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရခဲ့ကြပါတယ်။

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်က ဈေးတွေမီးလောင်ခဲ့ကြောင်း AA ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ရခိုင်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ တစ်သိန်းခြောက်သောင်းကျော်အထိရှိနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org