ဘူးသီးတောင် ခမရ ၅၅၂ ကို သိမ်းလိုက်ကြောင်း AA ထုတ်ပြန်

မောင်တောမြို့က ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကိုလည်း AA က အပြီးသတ်သိမ်းယူနိုင်ရေး ထိုးစစ်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၁၈ ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်။ Photo: Arakan Army/YouTube

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ ၅၅၂) ကို မတ်လ ၂၅ ရက်နေ့က အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) လက်အောက်ခံ ခမရ ၅၅၂ တပ်ရင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က ကုန်းကြောင်း၊ လေကြောင်းနဲ့ အပြင်းအထန်ခုခံနေတာကြောင့် တစ်လကျော်ကြာမှ စခန်းတစ်ခုလုံးကို သိမ်းယူနိုင်တာလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ခဲယမ်းတွေ၊ အလောင်းတွေနဲ့ လက်နက်ချအညံ့ခံသူတချို့ကို ဖမ်းဆီးရမိခဲ့ကြောင်းနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံဖမ်းဆီးနေတယ်လို့လည်း ဆိုပါတယ်။

AA ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ထောင်နဲ့ချီတဲ့ လက်နက်ချ စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင်တွေကို ပလက်ဝဒေသတွေမှာ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားတယ်လို့လည်း ရေးသားထားပါတယ်။

မောင်တောမြို့က ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကိုလည်း AA က တစ်လနီးပါး ပိတ်ဆို့ထားပြီး အပြီးသတ်သိမ်းယူနိုင်ရေး ထိုးစစ်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တမန်းသားကျေးရွာအုပ်စု အရှေ့ရခိုင်ရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဆယ်နီးပါးဟာ မတ်လ ၂၅ ရက်နေ့က လက်နက်ချခဲ့တယ်လို့လည်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲ လေးလကျော်အတွင်းမှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွေကို AA က သိမ်းယူထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org