ထိန်းချုပ်နယ်မြေက စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်ကို ကူညီဖို့ AA တောင်းဆို
ရက္ခိုင့်တပ်တော် (AA)ထိန်းချုပ်ထားတဲ့နယ်မြေကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်အတွက် အကူအညီတွေ ပေးဖို့ မေလ ၂၄ ရက်နေ့မှာ AA က တောင်းဆိုလိုက်ပါတယ်။
-
RFA Burmese
2024-05-24 -
-
-
ရက္ခိုင့်တပ်တော် (AA)ထိန်းချုပ်ထားတဲ့နယ်မြေကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်အတွက် အကူအညီတွေပေးဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို မေလ ၂၄ ရက်နေ့မှာ AA က တောင်းဆိုလိုက်ပါတယ်။
AA ထိန်းချုပ်နယ်မြေထဲရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်မှာ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေက နှစ်သိန်းလောက်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ၈၀ ရာခိုင်နှုန်းဟာ မွတ်စလင်တွေဖြစ်ပြီး ရခိုင်နဲ့ အခြားတိုင်းရင်းသားလူမျိုးစုတွေက ၂၀ ရာခိုင်နှုန်း ပါဝင်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီစစ်ဘေးရှောင်တွေအတွက် အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေပေးထားနိုင်ပေမဲ့ လာမယ့်ကာလတွေမှာ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ၊ ကလေးနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ ရေးသားထားပါတယ်။ ဒီလိုအပ်ချက်တွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ စေတနာရှင်တွေ၊ NGO တွေအနေနဲ့ ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။
ဒီဒုက္ခသည်တွေဟာ တိုက်ပွဲတွေနဲ့နီးတဲ့ မြို့ရွာတွေကဖြစ်ပြီး အသက်အန္တရာယ် ဘေးကင်းဖို့နဲ့ တိုက်ပွဲအတွင်း ကြားမညှပ်အောင် AA ထိန်းချုပ်နယ်မြေမှာ လာရောက်ခိုလှုံနေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ကို လူမျိုးဘာသာမခွဲခြားဘဲ အကောင်းဆုံး ကူညီကာကွယ်စောင့်ရှောက်ပေးနေတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်လာပြီးနောက် ဘူးသီးတောင်နဲ့ ချင်းပြည်နယ် ပလက်ဝ အပါအဝင်ဆိုရင် ၁၀ မြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပါတယ်။