မောင်တောမှာ မြေမြှုပ်မိုင်း တစ်ထောင်ကျော် AA ရှင်းလင်း
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းအလုံးရေ တစ်ထောင်ကျော်နဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်း အများအပြားကို ရှင်းလင်းထားတယ်လို့ AA နဲ့ နီးစပ်သူတွေက ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ပြောပါတယ်။
-
RFA Burmese
2025-02-19 -
-
-
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းအလုံးရေ တစ်ထောင်ကျော်နဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်း အများအပြားကို ရှင်းလင်းထားတယ်လို့ AA နဲ့ နီးစပ်သူတွေက ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာ AA က သိမ်းပိုက်ပြီးတဲ့နောက် ဒီနေ့အထိ တိုက်မိုင်း၊ နင်းမိုင်း၊ ရှော့တိုက်မိုင်းတွေ အပါအဝင် မြေမြှုပ်မိုင်း ၁၀၂၅ လုံး၊ လက်ပစ်ဗုံးတွေနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေကိုလည်း အများအပြားကို ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ စခန်းချခဲ့တဲ့နေရာတွေနဲ့ လူအသွားအလာများတဲ့ လမ်းမတွေ အနီးတစ်၀ိုက်မှာ အများဆုံးတွေ့ရတယ်လို့ AA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"မြို့ခံတွေကို မြို့ထဲကို ဝင်ရောက်နေထိုင်ခွင့် မပြုခင်ကတည်းက မိုင်းတွေကို အရင်ရှင်းနေတာပါ။ အခုလည်း တချို့ မရှင်းရသေးတဲ့နေရာတွေကို ရှင်းနေတုန်းပဲ။ လောလောဆယ်တော့ မိုင်း ၁၀၂၅ လုံး ရှင်းပြီးပြီလို့ သိရတယ်။ နခခ (၅) အနားက လမ်းမတစ်ခုတည်းမှာ မိုင်း တစ်ရာကျော်အထိ တွေ့တယ်။ ပြီးတော့ တခြား ဗုံးတွေ၊ လက်နက်ကြီးကျည်တွေလည်း တွေ့တယ်"
လက်ရှိမှာ ဒေသခံ ငါးထောင်ခန့် နေရပ်ပြန်လာကြပြီး မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲမှုတွေကြောင့်လည်း လူသေဆုံးထိခိုက်မှုတွေ ရှိနေတာပါ။
မိုင်းရှင်းလင်းရေးအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ်၊ မောင်တော၊ တောင်ကုတ်နဲ့ ပေါက်တောမြို့နယ်တွေမှာ အခု ဖေဖော်ဝါရီလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ဗုံးသီး ပေါက်ကွဲမှုကြောင့် အရပ်သား ခြောက်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကိုးလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၃၀ သေဆုံးပြီး ၇၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။