ဘူးသီးတောင်ထောင်က အကျဉ်းသား တစ်ရာနီးပါး ကယ်ထုတ်ခဲ့ကြောင်း AA ထုတ်ပြန်

နိုင်ငံရေးအကျဉ်းသား (၃၁) ဦးကိုလည်း သူတို့ရဲ့ မိသားစုတွေနဲ့ ဆက်သွယ်ပေးပြီး နေရပ်ပြန်နိုင်ရေး ကူညီပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

၂ဝ၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင် အကျဉ်းထောင်မှ လွတ်မြောက်လာသူများအား တွေ့ရစဉ်။ Photo: MOI

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ကာလအတွင်း အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား (၃၁) ဦး အပါအဝင် တစ်ရာနီးပါးကို ကယ်ထုတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၃၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဘူးသီးတောင် အကျဉ်းထောင်မှာ ပိတ်မိနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် ရာဇဝတ်မှုတွေနဲ့ အကျဉ်းနေတဲ့ အကျဉ်းသား (၉၈) ဦးကို မေလ (၁၆) ရက်နေ့က ဘေးလွတ်ရာကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ AA က ဆိုပါတယ်။

ဘူးသီးတောင်မြို့က စစ်ကောင်စီရဲ့ ဗျူဟာဌာနချုပ် အပါအဝင် တပ်ရင်း၊ တပ်စခန်းအားလုံးကို မေလ (၁၈) ရက်နေ့မှာ AA က အပြီးသိမ်းယူခဲ့တာလို့ ရေးသားထားပါတယ်။

ဒီအကျဉ်းသားတွေကို AA က နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု စံနှုန်းတွေနဲ့အညီ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ စားသောက်နေထိုင်ဖို့ ကူညီပေးထားတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသား (၃၁) ဦးကိုလည်း သူတို့ရဲ့ မိသားစုတွေနဲ့ ဆက်သွယ်ပေးပြီး နေရပ်ပြန်နိုင်ရေးကို မေလ ၂၆ ရက်နေ့မှာ ကူညီပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

AA က စစ်ပွဲတွေမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပ‌ဒေနဲ့အညီ ကူညီပေးနေတဲ့အပြင် စစ်ကောင်စီရဲ့ စစ်ဘက်၊ ရဲဘက် အကျဉ်းထောင်၊ အကျဉ်းစခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အကျဉ်းသားတွေကို တိုက်ပွဲတွေကြားကနေ ဘေးလွတ်ရာကယ်ထုတ်ပေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဘူးသီးတောင်မှာ တိုက်ပွဲတွေမဖြစ်ခင်ကတည်း ဘူးသီးတောင်ထောင်က အကျဉ်းသားတချို့ကို လွတ်ငြိမ်းခွင့်ပေးတာနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၃) ကို နေရာပြောင်းရွှေ့တာတွေလုပ်ခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ချန်ထားခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က တစ်ကျော့ပြန်တိုက်ပွဲတွေ စတင်လာပြီးနောက် ဘူးသီးတောင်နဲ့ ချင်းပြည်နယ် ပလက်ဝ အပါအဝင်ဆိုရင် ၁၀ မြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org