ရသေ့တောင်မှာ အစိုးရတပ်နဲ့ AA ရက္ခိုင်တပ်တွေ တိုက်ပွဲဖြစ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာနဲ့ သောင်းဒရားကျေးရွာအကြားက အဝေးပြေးကားလမ်းမ အနီးမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
-
2018-12-16 -
-
-
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာနဲ့ သောင်းဒရားကျေးရွာအကြားက အဝေးပြေးကားလမ်းမ အနီးမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေရာဟာ ရသေ့တောင်မြို့ရဲ့မြောက်ဘက် ၇ မိုင်လောက်သာ ကွာဝေးပြီး အရှိန်ပြင်းတဲ့ ပေါက်ကွဲသံတွေအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေကို ဆယ်မိနစ်ခန့်ကြားရတယ်လို့ ထီးစွဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအေးက ပြောပါတယ်။
အစိုးရလုံခြုံရေးအရာရှိတချို့ကတော့ တပ်ဖွဲ့ဝင်တွေ တင်ဆောင်လာတဲ့ တပ်မတော်ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရာ ကနေ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နှစ်ဖက်ထိခိုက်မှု အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။
ထီးစွဲကျေးရွာ အုပ်ချုပ်ရေးမှူးကတော့ ကျေးရွာသားတွေရဲ့လုံခြုံရေးအတွက် သတိထားပြီး သွားလာကြဖို့ အသိပေး ထားတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေအတွင်းမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA) တို့ အခုလအတွင်းမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေတာဖြစ်ပြီး ဒီနေ့မနက်ကဖြစ်စဉ်ဟာ ရသေ့တောင်မြို့နဲ့ အနီးဆုံးနေ ရာမှာဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။