ဖမ်းဆီးခံအမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ကွန်မန်ဒိုတပ်နဲ့ ရဟတ်ယာဉ်သုံး ကယ်ခဲ့တယ်လို့ပြော
မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်မှာ နေထိုင်တဲ့ အရာရှိတစ်ဦးရဲ့ ဇနီးဖြစ်သူ မဟန်နွေဦးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက လက်နက်နဲ့ ခြိမ်းခြောက်ဖမ်းဆီးသွားခဲ့တာကို ကွန်မန်ဒိုတပ်က ရဟတ်ယာဉ်နဲ့ သွားရောက်ခေါ်ဆောင်ခဲ့ရတယ်လို့ စစ်ကောင်စီက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
- 2022-11-10
-
-
-
မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်မှာ နေထိုင်တဲ့ အရာရှိတစ်ဦးရဲ့ ဇနီးဖြစ်သူ မဟန်နွေဦးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက လက်နက်နဲ့ ခြိမ်းခြောက်ဖမ်းဆီးသွားခဲ့တာကို ကွန်မန်ဒိုတပ်က ရဟတ်ယာဉ်နဲ့ သွားရောက်ခေါ်ဆောင်ခဲ့ရတယ်လို့ စစ်ကောင်စီက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
ပခုက္ကူမြို့၊ အမှတ် (၁ ) ရပ်ကွက်မှာနေတဲ့ “အောင်ဆင်မင်း” လက်ဖက်နှင့် အကြော်စုံ ဆိုင်ပိုင်ရှင်၊ အရာရှိတစ်ဦးရဲ့ ဇနီးဖြစ်သူ မဟန်နွေဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ဝင် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက နိုဝင်ဘာလ ၁၀ ရက်နေ့ ဒီနေ့မနက် ၆ နာရီခွဲခန့်က နေအိမ်ရှေ့ကနေ လက်နက်နဲ့ချိန်းခြောက်ပြီး ရေစကြိုမြို့နယ်၊ ဥက္ကံကျေးရွာဘက်ကို ခေါ်ဆောင်သွားခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
သတင်းပေးတွေရဲ့ ပြောပြချက်အရ မဟန်နွေဦးကို မြိုင်မြို့နယ်၊ ကျောက်ဆောက်တမံ(ဒေသအခေါ်)တောင်ရွာဆည်မှာ ဖမ်းဆီးထားတယ်လို့ သိရလို့ စစ်ကောင်စီရဲ့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေပါတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရဟတ်ယာဉ်နဲ့ သွားရောက်စီးနင်းပြီး ဖမ်းဆီးခံရသူ မဟန်နွေဦးကို ညနေ ၂ နာရီ ၄၀ ခန့်မှာ ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သိရဖို့ Pakokku People defense force (PPDF) ကို RFA က ဆက်သွယ်မေးမြန်းနေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
ဒီနေ့မှာပဲ ပခုက္ကူမြို့နယ် ကိုယ်စားပြုဒေသခံကာကွယ်ရေးအဖွဲ့ ၁၀ ဖွဲ့က ဘုံသဘောတူညီချက်တစ်စောင်ကို ထုတ်ပြန်လာပါတယ်။
အဲ့ဒီကြေညာချက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းစဉ်နဲ့သာ စစ်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖနဲ့အတူ ရပ်တည်ဖို့ဆိုတဲ့ အချက်ပါဝင်ပါတယ်။
ဒါ့အပြင် စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို အဓိကထား စစ်ဆင်ရေးပြုလုပ်မှာဖြစ်ပြီး အမာခံသတင်းပေးဒလန်တွေ၊ Non-CDM တွေကို သတင်းအချက်အလက်ခိုင်မာအောင်စုံစမ်းပြီးမှ တိကျမှ ရှင်းလင်းမယ်ဆိုတဲ့ အချက်လည်း ထည့်သွင်းပြောထားပါတယ်။
စစ်ကောင်စီနဲ့ ပတ်သက်မှုမရှိတဲ့ ပြည်သူတွေကို အကြမ်းဖက်တာ၊ ဝင်ရောက်စီးနင်းတာ၊ ဓားမြတိုက်တာ၊ ပြန်ပေးဆွဲတာတွေ မလုပ်ဖို့ကိုလည်း အဖွဲ့အားလုံးက သဘောတူလိုက်နာမယ့် အချက်တွေထဲမှာ ထည့်သွင်းထားပါတယ်။