ကျောက်ပန်းတောင်းက ဆရာတော်နဲ့ကပ္ပိယတစ်ဦး PDF ကူညီလို့ဆိုတဲ့ သံသယနဲ့ မီးရှို့အသတ်ခံရ
ဒီဖြစ်ရပ်မတိုင်ခင်က ကျောက်ပန်းတောင်း၊ ချောက် NLD လွှတ်တော် ကိုယ်စားလှယ်အချို့ ဆရာတော့်ဆီမှာ ခိုလှုံနေတယ်ဆိုတဲ့ သတင်းရတယ်ဆိုပြီး စစ်တပ်ဘက်က လာရောက်မေးမြန်းတာတွေလည်း ရှိတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
- 2022-03-27
-
-
-
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ငါးရှန်တောင်ရွာက သက်တော် ၇၅ နှစ်အရွယ် ဦးတေဇနိယနဲ့ ကျောင်းမှာ ကပ္ပိယအဖြစ်နေထိုင်တဲ့ သူ့ ညီကို မတ်လ ၂၅ ရက်နေ့ညမှာ အမည်မသိလူတစ်စုက မီးရှို့သတ်ဖြတ်ပြီး ကျောင်းနဲ့ကျောင်းပိုင်ပစ္စည်းတွေပါ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆရာတော်ကို PDF တွေ ထောက်ပံ့နေတယ်လို့ စွပ်စွဲပြီး သတ်ဖြတ်တာ ဖြစ်သလို၊ ကျောင်းအဆောက်အအုံတွေ မီးရှို့ဖျက်ဆီးပြီး ကားတွေကိုလည်း ချောက်ထဲချ ဖျက်ဆီးခဲ့တယ်လို့ နီးစပ်သူတွေ ပြောပါတယ်။
"ဒီဆရာတော်က ငါးရှန်တောင် ချောက်ထဲက PDF တွေကို ထောက်ပံ့နေတယ် ဆိုပြီးတော့ သူတို့ ဆရာတော် ဆီလာမေးတယ်။ ဆရာတော့်ဆီ PDF တွေ လာလား။ ဆရာတော်က ထမင်းကျွေးတာ အစားအသောက်တွေ ထောက်ပံ့တာတွေ ရှိလားဆိုပြီး နှစ်ခါ သုံးခါလာမေးတယ်လို့ ကျွန်တော်ကြားတယ်။ အခုဖြစ်စဉ်က မရိုးသားဘူး။ လုပြီး၊ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သတ်သွားရင် ကားတွေဘာတွေ မီးရှို့သွားစရာ အကြောင်းမရှိဘူး။ လုတာ ယက်တာ ဆိုရင်ဗျာ။ ဖြစ်စဉ်ဖြစ်ပြီးရင် လူသတ် အလောင်းဖျောက်ချင်လို့ မီးရှို့သွားမှာပဲ။ အခုဟာက ကားတွေ ဘာတွေပါ ဖျက်ဆီးခဲ့တာလေ"
အဲဒီနေ့ညက သေနတ်သံ ၁ဝ ချက်ကျော် ကြားရသလို၊ ဒီရက်ပိုင်းအတွင်း ငါးရှန်တောင်ရွာ ပတ်ဝန်းကျင်မှာလည်း စစ်တပ်က ကင်းပုန်းဝပ်တာတွေကို တွေ့ခဲ့ရတယ်လို့ မျက်မြင်တချို့ က ပြောပါတယ်။
ဒီဖြစ်ရပ်မတိုင်ခင်က ကျောက်ပန်းတောင်း၊ ချောက် NLD လွှတ်တော် ကိုယ်စားလှယ်အချို့ ဆရာတော့်ဆီမှာ ခိုလှုံနေတယ်ဆိုတဲ့ သတင်းရတယ်ဆိုပြီး စစ်တပ်ဘက်က လာရောက်မေးမြန်းတာတွေလည်း ရှိတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းလို့ မရသေးသလို RFA အနေနဲ့လည်း သီးခြားစုံစမ်းဖော်ထုတ်ဖို့ လတ်တလောမှာ အခက်အခဲရှိနေပါသေးတယ်။
ဆရာတော်ဦးတေဇနိယဟာ ငါးရှန်တောင်ရွာနဲ့ သုံးမိုင်လောက်ဝေးတဲ့နေရာမှာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက တောရဆောက်တည် သီတင်းသုံးနေတာလို့ ပြောကြပါတယ်။
ဆရာတော်ဟာ NLD အစိုးရခေတ်က ၄ ပေ ၆ ပေလောက်ရှိတဲ့ စကျင်ကျောက်ကို ဒေါ်အောင်ဆန်းစုကြည်အတွက် ဗုဒ္ဓဆင်းတုတော်ထုလုပ်ဖို့ ပြုလုပ်နေတယ်လို့ မီဒီယာတွေနဲ့ အင်တာဗျူးမှာ ဖြေဆိုဖူးပါတယ်။ လက်ရှိမှာတော့ ကျောင်းကို အဝင်အထွက်များတဲ့လူတွေနဲ့ ဒါယကာ အရင်းအချာတွေကို ပွေးကျစ်ရဲစခန်းက ခေါ်ယူစစ်ဆေးနေတယ်လို့ ပြောကြပါတယ်။