ပိုးတွေ့ခဲ့တဲ့ အထည်ချုပ်စက်ရုံကို ပိုးသတ်ဆေးဖျန်းပြီး ပြန်ဖွင့်မည်
ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စက်ရုံဝန်ထမ်းတစ်ဦး ပိုးတွေ့ရှိခဲ့တဲ့ Hakers အထည်ချုပ်စက်ရုံကို ပိုးသတ်ဆေးဖျန်းပြီး ဆက်လက်ဖွင့်လှစ်ခွင့်ပြုမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။
-
စိုးသိမ်း
2020-12-16 -
-
-
ပုသိမ်မြို့ အထည်ချုပ်စက်ရုံအလုပ်သမားတယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတာ တွေ့ရှိခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စက်ရုံဝန်ထမ်းတစ်ဦး ပိုးတွေ့ရှိခဲ့တဲ့ Hakers အထည်ချုပ်စက်ရုံကို ပိုးသတ်ဆေးဖျန်းပြီး ဆက်လက်ဖွင့်လှစ်ခွင့်ပြုမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။
နိုင်ငံတော်ရဲ့မူနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မထိခိုက်ဘဲ ရောဂါပိုး မပြန့်ပွားအောင် စီမံဆောင်ရွက်သွားမယ်လို့ ဧရာဝတီတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။
“ အကုန်လုံးကိုတော့ စက်ရုံတစ်ရုံလုံးပိတ်ဖို့ ဟာတော့ မလိုအပ်ဘူး။ အလုပ်ရှင်၊ အလုပ်သမား လျော်ကြေးတွေ၊ ဘာတွေ ရှိသေးတယ်။ လုပ်ခ ပြဿနာလည်း ရှိသေးတယ်။နောက်ပြီးတော့ နိုင်ငံတော်ရဲ့ မူကိုလည်း မထိခိုက်အောင်၊ နောက်ပြီးတော့ စက်ရုံတွေက နိုင်ငံခြားသားတွေရဲ့ ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်တယ်။ ဒါတွေကိုလည်း မထိခိုက်အောင်၊ ရောဂါလည်း မပြန့်ပွားအောင် ဒါလေးကို အကောင်းဆုံး စီမံထားပါတယ်”
ပိုးတွေ့ခဲ့တဲ့ ဝန်ထမ်းဟာ လေးရက်ကြာ အနံ့ပျောက်ခဲ့ပြီးနောက် ပိုးမတွေ့ခင်ရက် မတိုင်ခင်အထိ လူနှစ်ထောင်ကျော်ရှိတဲ့ စက်ရုံမှာ အလုပ်ဆင်းသွားတာပါ။ ပိုးတွေ့ခဲ့တဲ့ အထည်ချုပ်စက်ရုံဝန်ထမ်းနဲ့ အနီးကပ်ထိတွေ့သူ ၁၀ ဦးနဲ့ သူ့ရဲ့ပေ ၂၀ ပတ်လည်မှာ အလုပ်လုပ်ခဲ့သူ ၂၃ ဦး တို့ကို ကွာရန်တင်းစင်တာတွေနဲ့ နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ထားရှိတယ်လို့လည်း သိရပါတယ်။
Heckers အထည်ချုပ်စက်ရုံကို ဧရာဝတီတိုင်း ကိုဗစ်ကော်မတီရဲ့ လမ်းညွှန်ချက်အတိုင်း ဆက်ဖွင့်သွားမယ်လို့ စက်ရုံရဲ့ မန်နေဂျာ ဒေါ်ရွှေရည်လဲ့ က ပြောပါတယ်။
"စက်ရုံကိုတော့ ပိတ်ဖို့ မညွှန်ကြားသွားဘူး။ ဒီကလေးတွေကို ညနေဘက် လေးနာရီမှာ အလုပ်ဆင်းမယ်။ လေးနာရီနောက်ပိုင်းကို ပိုးသတ်ဆေးဖျန်းမယ်။ ပိုးသတ်ဆေး ဖျန်းတာကတော့ အနည်းဆုံး သုံးရက်လုပ်ရမှာ ဆိုတော့လေ။ အလုပ်နားတဲ့အချိန် ညနေတိုင်းကို ပိုးသတ်ဆေး ဖျန်းသွားမယ်။ တိုင်းကျန်းမာရေး နဲ့ ကိုဗစ်ကော်မတီရဲ့ ညွှန်ကြားချက်အတိုင်း ဆက်ဖွင့်သွားမယ်"
ဧရာဝတီတိုင်းထဲမှာ အထည်ချုပ်စက်ရုံ ၁၂ ရုံရှိပြီး အလုပ်သမား တစ်သောင်းခွဲလောက် ရှိပါတယ်။ ကိုဗစ် ပထမလှိုင်းမှာ အလုပ်ရုံ ပိတ်တာတွေ လူလျှော့တာတွေကြောင့် အလုပ်သမား ၄၆၀၀ လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့ပါတယ်။ ဒုတိယလှိုင်းမှာတော့ တစ်ချို့ စက်ရုံတွေက ပြန်ဖွင့်လို့ အလုပ်သမား တချို့ အလုပ်ပြန်ရကြပေမယ့် အထည်ချုပ်လုပ်သား ၄၀၀၀ လောက် အလုပ်လက်မဲ့ဖြစ်နေဆဲ ဖြစ်တယ်လို့ ဧရာဝတီတိုင်းအလုပ်သမား ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်ငြိမ်း က ပြောပါတယ်။
"အလုပ်လက်မဲ့ ဖြစ်သွားပြီးတော့ Second wave ကျတဲ့အခါကျတော့ ဟွာမန်လို စက်ရုံတွေက လူနှစ်ရာ ကျော်လောက် ပြန်ခန့်ထားတာ ရှိတယ်။ ဟွာပိုတိုင်း(Huabo Times) ဆိုလည်း လူ ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက် ပြန်ခန့်တယ်။ နောက်ပြီးတော့ မြန်မာနစ်တင်း (Myanmar Knitting ) ကလည်း လူနှစ်ရာ ဝန်းကျင်လောက် ပြန်ခန့်တယ်ဆိုတော့ လူလေးထောင် ပတ်ဝန်းကျင်လောက်တော့ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ သဘောရှိတာပေါ့ နော်"
ဒုတိယလှိုင်းမှာ စက်ရုံတွေ ဖွင့်ခွင့်ပေးထားတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ပုသိမ်မြို့အခြေစိုက် အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့မှ ဒေါ်ခခ က အခုလို ပြောပါတယ်။
“ ဒီစက်ရုံအလုပ်ရုံတွေကို လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ ရှုထောင့်အရ ဘာတွေ စိစစ်ပြီးပြီလဲ။ ဘာကြောင့် ဖွင့်ခွင့်ပေးတာလဲ၊ တကယ်လို့ ဖွင့်လှစ်စဉ်အတွင်းမှာ တစုံတရာ အဆင်မပြေမှု ရှိရင် ဘယ်သူ့ကို ဆက်သွယ်ပြီးတော့ တိုင်ကြားရမလဲဆိုတဲ့ အရာတွေကို မသိရတဲ့အခါ အလုပ်သမားတွေဟာ ဘေးအန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ စားဝတ်နေရေးအတွက် အလုပ်လုပ်ဆောင်နေရတယ် ဆိုတဲ့ စိုးရိမ်ပူပန်မှုနဲ့ အတူတူ စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနေရတဲ့ပုံစံ ဖြစ်နေပါတယ်။”
ပုသိမ်စက်မှုဇုန်က အလုပ်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မအိမွန်စိုးကတော့ စားဝတ်နေရေးကြောင့် ကြောက်ပေမယ့် အလုပ်ဆင်းနေရတယ်လို့ ပြောပါတယ်။
“အလုပ်သမားတွေက ဘယ်လိုလဲဆိုတော့ အလုပ်လည်း ပိတ်စေချင်တယ်။ လစာမရလို့ရှိရင်လည်း သူတို့ စားဝတ်နေရေးက အခက်အခဲတွေ့မယ်။ အဆောင်မှာနေတဲ့ သူတွေ ကျတော့လည်း အဆောင်ခရှိမယ်။ ပြီးကျရင် စားဝတ်နေရေးရှိမယ်။ ခုဆိုရင် ချဉ်ပေါင်ရွက်တစ်စည်းတောင် နှစ်ရာလောက်ပေးဝယ်မှ စားရတာလေ။ အဲ့ဒါကြောင့် ပိတ်လည်း ပိတ်စေချင်တယ်။ လစာမရမှာလည်း စိုးတယ်ပေါ့။ ကြောက်ပြီးတော့ပဲ အလုပ်ဆင်းနေကြရတာပေါ့”
Stay Home သတ်မှတ်ထားတဲ့ ပုသိမ်မြို့မှာ အထည်ချုပ်စက်ရုံတွေကို ဖွင့်ခွင့်ပေးထားပြီး အလုပ်သမားတွေကလည်း ကပ်ရောဂါအန္တရာယ်နဲ့ အလုပ်လက်မဲ့အန္တရာယ်ကြားကနေ အလုပ်ဆင်းနေရပါတယ်။