ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မက်လုံးပေး မဲဆွယ်နေ
စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ကလေးဝ မြို့နယ်တွေက ကျေးရွာတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဓာတ်မြေသြဇာ ရောင်းချတဲ့ ကုမ္ပဏီတခုနဲ့ ပေါင်းပြီး လယ်သမားတွေကို ငွေထုတ်ချေးပေးပြီး အဲဒီငွေနဲ့ပဲ ဓာတ်မြေသြဇာအိတ်တွေ အဓမ္မ ဝယ်ခိုင်းနေတယ်လို့ သိရပါတယ်
-
2010-09-04 -
-
-
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ အဲဒီကုမ္ပဏီရဲ့ ငွေကြေးပံ့ပိုးမှုနဲ့ လယ်သမားတွေကို ငွေချေးနေပေမယ့် မဝယ်မနေရ သတ်မှတ်ထားတဲ့ ဓာတ်မြေသြဇာတွေဟာ အပြင်မှာ ရောင်းချတဲ့ ဈေးနှုန်းထက် ဈေးပိုများနေတယ်လို့ ဆိုပါတယ်။
အဲဒီလို အတိုးနှုန်း နည်းနည်းနဲ့ ငွေချေးတာကို ပြန်ကာမိဖို့အတွက် ဓာတ်မြေသြဇာ ဈေးနှုန်း မြှင့်ထားတာကို လယ်သမားတွေက သိရှိတဲ့အတွက် တချို့က ငွေချေးယူဖို့ တွန့်ဆုတ်နေကြတယ်လို့ ကလေးမြို့ခံတဦးက အာအက်ဖ်အေကို ပြောပါတယ်။
“အမတော်ကြေးက တဧက ကို (၂) သောင်း ထုတ်လို့ရှိရင် (၅) ဧကဆိုရင် တသိန်းပေါ့နော်။ ဒါပေမယ်လို့ အဲဒီလိုပေါ့ ဓာတ်မြေသြဇာအိတ်က ပြန်ဝယ်ရမယ်။ ဓာတ်မြေသြဇာအိတ်က အပြင်ထက် ဈေးများတယ်ပေါ့။ များတယ်ဆိုတော့ မထုတ်ကြဖူးပေါ့။ ကလေးမြို့နယ်ကတော့ ၊တအိတ်ကို (၂) သောင်းကျော်လောက် ဝယ်ရတာတဲ့။ အပြင်ထက် ဈေးများတယ်တဲ့။ အဲဒါဆိုတော့ ငွေချေးဖို့ မချေးဖို့ တချို့ရွာတွေကလည်း မချေးကြဘူးတဲ့။ ကုမ္ပဏီတွေက ရောင်းခိုင်းတဲ့ ဓာတ်မြေသြဇာအိတ်တွေ နေမှာပေါ့”
အဲဒီလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လယ်သမားတွေကို ငွေချေးတယ် ဆိုပေမယ့် လာမယ့် ရွေးကောက်ပွဲမှာ သူတို့ပါတီကို သေချာပေါက် မဲထည့်ပါမယ် ဆိုပြီး လက်မှတ်ထိုးခိုင်းနေတယ်လို့လည်း သိရပါတယ်။ လယ်သမား အများစုက ချေးငွေကို ယူပြီး မဲထည့်ပါမယ်လို့ လက်မှတ်ထိုးနေကြပေမယ့် တကယ်တမ်း မဲပေးတဲ့အခါ သူတို့ ထောက်ခံတဲ့ ပါတီကိုပဲ မဲပေးမယ်လို့ ပြောဆိုနေကြတယ်လို့ ဆိုပါတယ်။
“ဥက္ကဌ ဆိုတာက ကြံ့ခိုင်ရေးတွေပဲဟာ။ အမတော်ကြေး ထုတ်ပေးမယ်ဆိုရင် သူတို့ပါတီကို မဲထည့်မှ ငွေထုတ်ပေးမယ် ဘာညာပေါ့။ အဲဒီလို ပြောတယ်တဲ့။ ထည့်ပါမယ်လို့ ပြောပြီး ပိုက်ဆံလိုချင်တော့ ထည့်ကြရတာပါ။ နောက်တော့ ကိုယ်ထည့်ချင်တာ ထည့်မှာပေါ့။ လူတွေကတော့ အဲဒီလိုပဲ ပြောတာပေါ့။ တော်တော်တော့ ရီစရာကောင်းတယ်”
လက်ရှိ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ နိုင်ငံပိုင် ပစ္စည်းတွေကို အသုံးချနေသလို တဖက်ကလည်း အစိုးရနဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်နေတဲ့ ပုဂ္ဂိလိက ကုမ္ပဏီတွေရဲ့ ထောက်ခံမှုနဲ့ လူထုကို နည်းမျိုးစုံနဲ့ မဲဆွယ် စည်းရုံးနေတယ်လို့ အများက စွပ်စွဲ ပြောဆိုနေကြပါတယ်။