မြန်မာ့အရေးအတွက် မိမိကို ကူညီကြဖို့ အာဆီယံကို ကုလအတွင်းရေးမှူးချုပ် ပန်ကြား
မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်း ပေါ် ရောက်ရှိအောင် ဆောင်ရွက်ရာမှာ မိမိကို ကူညီကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အာဆီယံ ခေါင်းဆောင်တွေကို ပန်ကြား ပြောဆိုလိုက်ပါတယ်။
-
2010-09-26 -
-
-
သောကြာနေ့က နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂနဲ့ အာဆီယံဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲမှာ အဲဒီလို ပန်ကြားခဲ့တာပါ။
ကုလသမဂ္ဂနဲ့ အာဆီယံဟာ မြန်မာနိုင်ငံ တည်ငြိမ်တိုးတက်ရေးကို လိုလားကြပြီး လွတ်လပ်မျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်ဖို့အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး အရေးကြီးပုံကိုလည်း သဘောတူညီကြကြောင်း၊ ဒီမျှော်မှန်းချက်တွေ မပြည့်ဝ မအောင်မြင်တာဟာ အာဆီယံရဲ့ တန်ဖိုးတွေ၊ အခြေခံမူတွေ ထိခိုက်ရတာပ ဲဖြစ်ကြောင်း၊ ဒါပေမယ့် တချိန်တည်းမှာ မိမိတို့ဟာ မြန်မာနိုင်ငံကို ကူညီကြရမှာ ဖြစ်ကြောင်း၊ ဒါကြောင့် မိမိဟာ မြန်မာပြည် အရပ်ဘက် ဒီမိုကရေစီ အုပ်ချုပ်ရေး အောင်မြင်အောင် အာဆီယံရဲ့ အကူအညီနဲ့ ဆက်လက်ပြီး မမှိတ်မသုန် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မိမိနဲ့အတူ မြန်မာပြည် လက်တွဲ ဆောင်ရွက်လာရေးအတွက် အာဆီယံကို အားကိုးအားထား ပြုပါကြောင်း မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ တပတ်ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က တဆင့် စစ်အစိုးရက ကြေညာခဲ့တဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။ မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခဲ့ပေမယ့် စစ်အစိုးရကို ဒီမိုကရေစီ လမ်းကြောင်းပေါ် တွန်းမတင်နိုင်ဘဲ ဖြစ်နေတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။