ရွေးကောက်ပွဲကိစ္စ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ NLD တွေ့မည်
စစ်အစိုးရ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကိစ္စ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေရဲ့ အရေး စတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီရေး ဆောင်ရွက်နေတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
-
2010-09-06 -
-
-
NLD ဒု- ဥက္ကဌ ဦးတင်ဦးနေအိမ်မှာ ဒီကနေ့ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးမှာ အခုလို ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်းနဲ့ ဒီ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ စီစဉ် ဆောင်ရွက်နေကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့တနေ့က သွားတွေ့ခဲ့တဲ့ ဆရာဦးဉာဏ်ဝင်းဆီက မှာကြားချက်တွေ၊ အဖွဲ့ချုပ်လူကြီးများရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပူးပေါင်းပြီးတော့ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။ ခရီးစဉ်တွေ သွားမယ်၊ ပြည်နယ်တိုင်း ခေါင်းဆောင်တွေနဲ့ တွေ့မယ်၊ အဖွဲ့ဝင်ထုနဲ့ တွေ့မယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့မယ်ဆိုတာကို မူအားဖြင့် ကျနော်တို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ အသေးစိတ်ကိစ္စတွေကတော့ ဆက်ပြီးစီစဉ်ရအုံးမှာပါ”
ပြီးခဲ့တဲ့အပတ်က တိုင်းရင်းသားတွေရဲ့ အရေးကိစ္စရပ်တွေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပညာပေးတွေ၊ လူငယ်အရေးတွေနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေဦးဉာဏ်ဝင်းကတဆင့် အဖွဲ့ဝင်တွေကို မှာကြားခဲ့ပါတယ်။
ဒီ မှာကြားချက်တွေကို ပါတီဝင်ထုကနေ လူထုကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်အောင် ရှင်းလင်း ပြောပြဖို့အတွက် ပြည်နယ် တိုင်းအသီးသီးကို ခရီးစဉ် စတင်ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။
အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ အမျိုးသမီးအဖွဲ့ ခေါင်းဆောင်တွေနဲ့ လူူငယ်အဖွဲ့တွေရဲ့ ဒီတခေါက်ခရီးစဉ်မှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးမယ့်အကြောင်း ဦးအုန်းကြိုင်က ဆက်ပြီး ရှင်းပြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဝင်ထု၊ ပြည်သူထု၊ တိုင်းရင်းသားအရေးနဲ့ ပြောချင်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးမှုတွေ၊ သဘောထားတွေကို ကျနော်တို့က ကြေလည်အောင် ရှင်းပြကြဖို့၊ လူငယ်တွေ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်တွေကို ရှင်းပြဖို့ ဖြစ်ပါတယ်”
NLD ခေါင်းဆောင်တွေရဲ့ ဒီကနေ့ အစည်းအဝေးမှာ လာမယ့် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်မယ့် NLD ပါတီ ထူထောင်တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို ဦးတင်ဦးနေအိမ်မှာ ကျင်းပဖို့ အတည်ပြု ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။