ဥပဒေအရ ရပ်တည်ခွင့်ကိစ္စ စစ်အစိုးရကို အမှု ၂ ခုနဲ့ NLD တရားစွဲဖို့ပြင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဆက်လက်ရပ်တည်ခွင့်မရှိအောင် မတရားသဖြင့် ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်လို့ စစ်အစိုးရကို အမှုနှစ်မှုနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေပြီလို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။
-
2010-09-05 -
-
-
Your browser doesn’t support HTML5 audio
“ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထွက်လာတဲ့အခါမှာ အဲဒီ ပါတီမှတ်ပုံတင် ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်းမှာ ပါတီအဟောင်းတွေက ပြန်လည် မှတ်ပုံတင်ရမယ်၊ မတင်ခဲ့လို့ရှိရင် ပါတီ အလိုအလျောက် ပျက်ပြယ်တယ်ဆိုပြီး ပါတယ်လေ။ အဲဒါကြောင့် အဲဒီလို ဥပဒေပြဌာန်းချက်ဟာ ၁၉၈၈ ဥပဒေအရ မှတ်ပုံတင်ထားတဲ့ NLD နဲ့ မဆိုင်ဘူး၊ NLD အပေါ်မှာ အကျုံးမဝင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ NLD ဟာ အဲဒီအချိန်က တရားဝင် ရပ်တည်လာတယ်၊ ဘာပြစ်မှုမှ မရှိဘူး။ အဲဒီတော့ တရားဝင် ရရှိတဲ့ အခွင့်အရေးတွေဟာ စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေအရ ဆက်လက်ခံစားထိုက်တယ်၊ ဒီ အခြေခံအချက်အပေါ်မှာ အစိုးရကို တရားစွဲဖို့ ကျနော်တို့ ကြိုးစားနေတာပါ”
နိုင်ငံရေးပါတီ ရပ်တည်ပိုင်ခွင့်က သီးခြား တမှုဖြစ်ပြီး၊ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ရပ်တည်ပိုင်ခွင့်နဲ့ ပတ်သက်လို့ နောက်ထပ်တမှု စွဲဆိုမှာဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဖြစ်ကြတဲ့ ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့ရာမှာ စစ်အစိုးရကို တရားစွဲဆိုဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အမှုအတွက် အချောသတ် ပြင်ဆင်မှုတွေ ပြီးစီးသွားတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်အတည်ပြုချက် ရယူပြီး မကြာခင်မှာပဲ စတင် တရားစွဲဆိုမယ်လို့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဒီအကြောင်း ရှေ့နေဦးဉာဏ်ဝင်းကို ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |