ရှစ်လေးလုံးပြည်သူ့ပါတီ ခေါင်းဆောင်နှစ်ဦးကို ရွေးချယ်

ပါတီတည်ထောင်ခွင့်ရရှိပြီဖြစ်တဲ့ "ရှစ်လေးလုံးပြည်သူ့ပါတီ"ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြဖို့ ပါတီ ပထမခေါင်းဆောင်အဖြစ် ဦးကိုကိုကြီးနဲ့ ဒုတိယခေါင်းဆောင် ဦးရဲနိုင်အောင်တို့ကို ဒီနေ့ ရွေးချယ်လိုက်ပါတယ်။

ရှစ်လေးလုံးပြည်သူ့ပါတီရဲ့ ပထမခေါင်းဆောင် ဦးကိုကိုကြီးနဲ့ ဒုတိယခေါင်းဆောင် ဦးရဲနိုင်အောင်တို့ကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က တွေ့ရစဉ် Photo: Thiha Tun/ RFA

ပါတီတည်ထောင်ခွင့်ရရှိပြီဖြစ်တဲ့ "ရှစ်လေးလုံးပြည်သူ့ပါတီ"ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြဖို့ ပါတီ ပထမခေါင်းဆောင်အဖြစ် ဦးကိုကိုကြီးနဲ့ ဒုတိယခေါင်းဆောင် ဦးရဲနိုင်အောင်တို့ကို ဒီနေ့ ရွေးချယ်လိုက်ပါတယ်။

ပါတီခေါင်းဆောင်နှစ်ဦးနဲ့ ပါတီဖွဲ့စည်းပုံ၊ အမှတ်တံဆိပ် စတာတွေကို နည်းဥပဒေနဲ့အညီ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြရမှာဖြစ်တဲ့အတွက် ရန်ကုန်မြို့ နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကေ်ာမတီရုံးမှာ ဒီနေ့ အစည်းအဝေကျင်းပပြီး ဆုံးဖြတ်လိုက်တာလို့ ပါတီ ပထမ ခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။

"ဒါကြောင့် အတည်ပြုပြောနိုင်တာကတော့ ပုံစံ(ခ)နဲ့ ပါတီတည်ထောင်ရန် ခွင့်ပြုကြောင်း အကြောင်းကြားစာကို ကျနော်တို့ အီးမေးလ်ကတဆင့် လက်ခံရရှိပါတယ်။ ဒါပြီးရင် ရှေ့အပတ်ထဲမှာ ပုံစံ (ဃ) နဲ့ ပါတီရဲ့ ပထမ ခေါင်းဆောင်၊ ဒုတိယ ခေါင်းဆောင် နှစ်ယောက်ကို ပါတီတည်ထောင်လိုသူအဖြစ်နဲ့ စတင်ပြီး လျှောက်ထားခဲ့တဲ့ ၁၈ ဦးရဲ့ သဘောတူညီချက်၊ ဆုံးဖြတ်ချက်နဲ့ ပူးတွဲပြီးတော့ ကော်မရှင်ကို တင်ပြရမှာဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ ပုံစံ(င) အရတော့ ပါတီရဲ့ အမည်၊ အမှတ်တံဆိပ်၊ မူဝါဒ၊ ဖွဲ့စည်းပုံ စတာတွေကို ရက်ပေါင်း ၃၀ အတွင်း တင်ပြရမယ်ဆိုပေမယ့် ကျနော်တို့က ပြင်ဆင်ပြီးသားလည်းဖြစ်တဲ့အတွက် ရှေ့အပတ်ထဲမှာ တင်ပြ သွားပါမယ်"

"ရှစ်လေးလုံးပြည်သူ့ပါတီ" ကို တည်ထောင်ခွင့်ပြုကြောင်း ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားခဲ့တာဖြစ်ပြီး ပါတီဖွဲ့စည်းပုံ၊ အမှတ်တံဆိပ်၊ ခေါင်းဆောင်နှစ်ဦးရဲ့ အမည်စတာတွေကို လာမယ့်မေလ ၂ရက်နေ့မှာ ထပ်မံ တင်ပြသွားမှာဖြစ်ပါတယ်။

ပါတီတရားဝင်မှတ်ပုံတင်တဲ့ လုပ်ငန်းပြီးစီးမှသာ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ ပါတီ ဥက္ကဌ၊ ဒုတိယ ဥက္ကဌ နဲ့ အတွင်းရေးမှူးတို့ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။

"ရှစ်လေးလုံးပြည်သူ့ပါတီ"က တရားဝင်မှတ်ပုံတင်ခွင့်ရပြီးရင် ဒီနှစ်အတွင်းကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို အနည်းဆုံး သုံးနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပေမယ့် ဘယ်နေရာတွေမှာ ဝင်ပြိုင်မလဲဆိုတာကိုတော့ အတိအကျမပြောနိုင်သေးဘူးလို့ ပါတီ ဒုတိယခေါင်းဆောင် ဦးရဲနိုင်အောင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက " ရှစ်လေးလုံးပါတီ" အမည်နဲ့ ရွေကောက်ပွဲကော်မရှင်ကို လျှောက်ထားခဲ့တာဖြစ်ပေမယ့် အဲဒီအမည်နဲ့ ပတ်သက်လို့ ဝေဖန်ကန့်ကွက်မှုတချို့ ရှိခဲ့တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတည်ထောင် လိုသူ ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ပြီး  "ရှစ်လေးလုံးပြည်သူ့ပါတီ" အမည်နဲ့ ပြောင်းလဲ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org