NLD ပါတီ ပျက်သွားမှာမဟုတ်ကြောင်း ၈၈ မျိုးဆက်ပြောကြား

စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ဖျက်သိမ်းလိုက်ပြီလို့ စက်တင်ဘာ ၁၄ ရက် မနေ့က ကြေညာခဲ့ပေမဲ့ NLD ပါတီဟာ ပြည်သူလူထုနဲ့ တသားတည်း ဆက်လက် ရှင်သန်နေမယ်ဆိုတာ ယုံကြည်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်သည့် ၂၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၀ဝ၉ စက်တင်ဘာ ၂၇ ရက်နေ့က ကျင်းပစဉ် ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ ပိုစတာများဖြင့် အတူတွေ့ရသော အဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP) AFP

ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ NLD ပါတီက ပြန်လည် မှတ်ပုံမတင်တဲ့အတွက် NLD ပါတီဟာ တရားမဝင်တော့ဘူးလို့ စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာခဲ့တာပါ။

စစ်အစိုးရအနေနဲ့ တရားမဝင်တော့ဘူးလို့ ပြောပေမဲ့ NLD ပါတီဟာ လူထုကြားမှာ ဆက်ရှိနေလိမ့်မယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းမြင့်အောင်က ပြောပါတယ်။

“နအဖ စစ်အစိုးရအနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားမဝင် ပါတီအဖြစ် ဖျက်သိမ်းလိုက်ရုံနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပါတီမပျက်ပါဘူး။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လူထုအကျိုးကို ရဲရဲရင့်ရင့် သတ္တိရှိရှိနဲ့ လူထုကြားမှာနေပြီး လူထုအကျိုးကို ဖော်ဆောင်နေသမျှ လူထုကို ကိုယ်စားပြုတဲ့အသံတွေကို ထွက်နေသမျှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ လူထုကြားထဲမှာ ရှင်သန်နေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးကလည်း ဝိုင်းရံပြီးတော့ ဆက်လက် ရှင်သန်နေလိမ့်မယ်လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။”

NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၀ ခုကို စစ်အစိုးရက ဖျက်သိမ်းလိုက်ပြီးနောက် ပါတီဝင်တွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးတော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာတဲ့ ကိစ္စအပေါ်မှာလည်း ကိုထွန်းမြင့်အောင်က အခုလိုပြောဆိုပါတယ်၊

“နအဖ စစ်အစိုးရအနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အင်အားစုတွေ အပေါ်မှာ ဆက်ပြီးတော့ ဖမ်းဟယ်ဆီးဟယ် အရေးယူမှုတွေ အများကြီးတော့ ဒါ အနှောင့်အယှက်တွေ ပေးလာနိုင်တာပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာပြည်မှာက ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အနေနဲ့က အသားကျနေပါပြီ။ ဟုတ်လား၊ ဒီ နအဖရဲ့ ဖိနှိပ်မှုတွေ အောက်မှာ ကျွန်တော်တို့ဟာ ဘယ်တော့မှ အရှုံးမပေးပဲနဲ့ ဆက်လက်ပြီးတော့ ရုန်းကန်တိုက်ပွဲဝင်နေမှာပါ။ အဲဒီလိုပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ထီးတည်း မဟုတ်ပါဘူး။ လူထုရဲ့ ပါတီကြီးပါ။ အဲဒီတော့ ဒီ လူထုပါတီကြီးကို လူထုတရပ်လုံးက ဝိုင်းရံထားသလို ကျွန်တော်တို့ ဒီ ၈၈ မျိုးဆက်တွေ အနေနဲ့ကော၊ ဒီ ကျောင်းသားလူငယ် မျိုးဆက်သစ်တွေ အားလုံးဝိုင်းရံပြီးတော့ ကျွန်တော်တို့က ဆက်လက်ပြီးတော့ ချီတက်သွားမှာပါ။”

၁၉၉၀ ခုနှစ်မှာ အနိုင်ရခဲ့ပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ဘူးဆိုပြီး ပါတီ မှတ်ပုံပြန်တင်တာမျိုး မလုပ်ခဲ့တဲ့ NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၅ ခုနဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ခဲ့ပေမဲ့ စည်းကမ်းချက်နဲ့ မကိုက်ညီတဲ့ နိုင်ငံရေးပါတီ ၅ ခု စုစုပေါင်း ပါတီ ၁၀ ခုကို တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့် မပြုတော့ကြောင်း စစ်အစိုးရက စက်တင်ဘာ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ် ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org