ရှစ်လေးလုံး ပါတီနာမည်ကို ကော်မရှင်ထံ ကန့်ကွက်စာပေးပို့မည်

ရှစ်လေးလုံး (၈၈၈၈) နာမည်နဲ့ နိုင်ငံရေး ပါတီတည်ထောင်မယ့်ကိစ္စကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အထိ စာပေးပို့ကန့်ကွက်သွားမယ်လို့ ၈၈ ပဲခူးတိုင်းအနောက်ခြမ်း အထွေထွေ သပိတ်ကော်မတီက ဦးချစ်ဆောင်ဦး က ဒီနေ့ ပြောပါတယ်။

၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနဲ့အဖွဲ့ ၂၀၁၇ ဒီဇင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင် သွားရောက်လျှောက်ထားစဉ် Photo: Ko Ko Gyi's Facebook

ရှစ်လေးလုံး (၈၈၈၈) နာမည်နဲ့ နိုင်ငံရေး ပါတီတည်ထောင်မယ့်ကိစ္စကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အထိ စာပေးပို့ကန့်ကွက်သွားမယ်လို့ ၈၈ ပဲခူးတိုင်းအနောက်ခြမ်း အထွေထွေ သပိတ်ကော်မတီက ဦးချစ်ဆောင်ဦး က ဒီနေ့ ပြောပါတယ်။

ပုဂ္ဂိုလ်ရေးအရ မုန်းတီးလို့ မဟုတ်ဘဲ အများနဲ့ဆိုင်တဲ့ ရှစ်လေးလုံးအရေးတော်ပုံရဲ့ အမည်ကို တစ်စု၊ တစ်ဖွဲ့က အသုံးချတာကို သဘောမကျတာလို့ ဦးချစ်ဆောင်ဦး က ပြောပါတယ်။

"ရှစ်လေးလုံး အရေးတော်ပုံက လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ကျနော်တို့ လူထုတစ်ရပ်လုံး တိုက်တဲ့ တိုက်ပွဲပဲဗျ။ အဲဒီတော့ အဲဒါ ဘုံပိုင်ပဲ။ ဘုံပိုင်တိုက်ပွဲ၊ ဘုံပိုင်နာမည်ပဲ။  အဲဒီ ဘုံပိုင်နာမည်ကို လူတစ်စုအနေနဲ့ သော်လည်းကောင်း၊ လူတစ်ယောက်အနေနဲ့ သော်လည်းကောင်း၊ ပါတီတစ်ဖွဲ့အနေနဲ့ သော်လည်းကောင်း၊ ပုဂ္ဂိုလ်တစ်စုအနေနဲ့ သော်လည်းကောင်း ယူပြီးတော့ရင် နာမည်ကို အသုံးချတာ ကျနော်တို့က သဘောမကျဘူး။ ဒါလုပ်လည်း မလုပ်အပ်ဘူး သမိုင်းမှာ။ ဒီလိုပဲ ကျနော်တို့က မြင်ပါတယ်"

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရှစ်လေးလုံး ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားတာနဲ့ ပတ်သက်ပြီး ကန့်ကွက်နိုင်ကြောင်း ကြေညာတာနဲ့ တစ်ယောက်ချင်းစီဖြစ်စေ၊ ၈၈ ပဲခူးတိုင်းအနောက်ခြမ်း အထွေထွေ သပိတ်ကော်မတီ အနေနဲ့ဖြစ်စေ၊ ၈၈ ပဲခူးတိုင်းအနောက်ခြမ်း ၁၄ မြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် အနေနဲ့ဖြစ်စေ ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာ တို့ ပါဝင်တဲ့ နိုင်ငံရေးသမားအချို့ စုစည်းပြီး ရှစ်လေးလုံး နာမည်နဲ့ ပါတီတည်ထောင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားတာ ဖြစ်ပါတယ်။

အဲဒီ ပါတီ နာမည်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေတာဖြစ်ပြီး ၈၈ ပဲခူးတိုင်း အနောက်ခြမ်း အထွေထွေ သပိတ်ကော်မတီနဲ့ ၈၈ ပဲခူးတိုင်းအနောက်ခြမ်း ၁၄ မြို့နယ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့ကလည်း ပါတီနာမည်ပေးတာကို ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက် ထုတ်ပြီး ကန့်ကွက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org