၈၈ မျိုးဆက် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာထုတ်ပြန်
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး ကွန်ရက်က ပြုစုတဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ရုံးမှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။
-
2012-08-27 -
-
-
၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ဧပြီလ (၁) ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လေ့လာတွေ့ရှိချက်တွေကို ဒီအစီရင်ခံစာထဲမှာ ဘက်လိုက်မှု ကင်းကင်းနဲ့ ပကတိအတိုင်း ဖော်ပြထားသလို နောင်လာမယ့် မျိုးဆက်တွေ အနေနဲ့လည်း အဲဒီလိုတင်ပြရဲတဲ့ သတ္တိရှိဖို့ လိုအပ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ ရွေးချယ်တင်မြောက်တဲ့ ပြည်သူ့ကိုယ်စားလှယ် စစ်စစ်တွေနဲ့ သွားတဲ့ နိုင်ငံရေးကို ကျွန်တော်တို့ ကြိုးစားခဲ့တာ၊ ကျွန်တော်တို့ကိုယ်တိုင် အရင်ဆုံးတွေ့ရတဲ့ ရွေးကောက်ပွဲမှာ ဘာတွေ ကျွန်တော်တို့ သိခဲ့တယ်၊ ကြားခဲ့တယ်ဆိုတာကို ပကတိအတိုင်း ကျွန်တော်တို့ ပြန်ပြီးတင်ပြတာ ဖြစ်ပါတယ်။ ဒီတာဝန်ကို ကျွန်တော်တို့ မရှိတော့တဲ့ နောက်ပိုင်းမှာလည်း နိုင်ငံသားတိုင်းဟာ တက်တက် ကြွကြွနဲ့ ပါဝင်စေချင်တယ်။ ရွေးကောက်ပွဲကို မဲပေးရုံနဲ့ မလုံလောက်ဘူး။ တရားမျှတမှု ရှိ-မရှိ စောင့်ကြည့်ပြီးတော့ ပြန်ပြီး အစီရင်ခံရဲတဲ့ သတ္တိမျိုးရော၊ လုပ်ရည် ကိုင်ရည်မျိုးရော၊ ခွန်အား စိုက်ထုတ်မှုမျိုးရော သုံးမျိုးစလုံး လိုနေပါတယ်"
နိုင်ငံသား ပြည်သူတွေရဲ့ လိုအပ်ချက်အရ ဒီအစီရင်ခံစာကို ပြုစုခဲ့တာ ဖြစ်ပြီး အစီရင်ခံစာ ပြုစုရာမှာ အများပြည်သူရဲ့ ပူးပေါင်း ကူညီဆောင်ရွက်မှုတွေ ရရှိခဲ့တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးကလည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
"ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာဖို့ ဆိုပြီးတော့ နိုင်ငံတကာလေ့လာရေး အဖွဲ့တွေကို ကျွန်တော်တို့ ဖိတ်ခေါ်နေတယ်။ အဲဒီအချိန်မှာ ပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့် လေ့လာဖို့ နိုင်ငံသားတွေ ကိုယ်တိုင်က စောင့်ကြည့်လေ့လာတဲ့ ကွန်ယက်တစ်ခု လိုအပ်တယ်လို့ တာဝန်အရ ခံယူတဲ့အတွက်ကြောင့် ဒီလုပ်ငန်းကို စလုပ်ခဲ့တာပါ။ နိုင်ငံသားတွေ ကိုယ်တိုင်က ကိုယ့်မျက်စိအောက်မှာ ဖြစ်ပျက်နေတဲ့ မသမာမှုတွေ၊ တရားမမျှတမှုတွေ အဲတာတွေ ကြုံတွေ့လာရင် သူတို့ကိုယ်တိုင် တက်တက်ကြွကြွနဲ့ သတင်းပေးတဲ့ စောင့်ကြည့်လေ့လာမှု ပုံစံကို ကျွန်တော်တို့ စပြီးတော့ မိတ်ဆက် နှိုးဆော်ထားတာ ဖြစ်ပါတယ်"
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ စည်းမျဉ်း၊ စည်းကမ်းတွေကို တိုင်းရင်းသား နယ်စပ်ဒေသတွေကပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့ တိုင်းရင်းသား ဘာသာစကားတွေနဲ့ အသိပေးဖော်ပြဖို့ အရေးတကြီး လိုအပ်ကြောင်းကိုလည်း (၈၈) မျိုးဆက်ကျောင်းသားတွေရဲ့ အစီရင်ခံစာထဲမှာ ထောက်ပြထားပါတယ်။
ဒါ့အပြင် တိုင်းနဲ့ ပြည်နယ် တစ်ခုချင်းစီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေး ပါတီအကြီးအကဲတွေနဲ့ ဒေသခံပြည်သူတွေရဲ့ ပြောကြားချက်တွေကိုလည်း ၆၃ မျက်နှာပါရှိတဲ့ အဲဒီအစီရင်ခံစာထဲမှာ စုစည်း ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးကိုကိုကြီးနဲ့ RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ် မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |