အာဏာသိမ်း ၂၁ လအတွင်း နိုင်ငံတစ်ဝန်း တိုက်ပွဲ ၇၈၀၀ ကျော်ဖြစ်ပွား

မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့အထိ အာဏာသိမ်း ၂၁ လအတွင်း တိုက်ပွဲပေါင်း ၇၈၅၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ (ISP Myanmar) က ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့အထိ အာဏာသိမ်း ၂၁ လအတွင်း တိုက်ပွဲပေါင်း ၇၈၅၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သုတေသနအဖွဲ့စည်း တစ်ဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အင်စတီကျု (ISP Myanmar) က နိုဝင်ဘာ ၂၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်မှာ တိုက်ပွဲ ၄,၃၉၄ ကြိမ်၊ စစ်ကိုင်းတိုင်းမှာ တိုက်ပွဲ ၉၁၉ ကြိမ်၊ ကယားပြည်နယ်မှာ ၃၃၉ ကြိမ်၊ ရှမ်းပြည်နယ်မှာ ၂၉၁ ကြိမ်၊ မကွေးတိုင်းမှာ ၃၄၁ ကြိမ်၊ ကချင်ပြည်နယ်မှာ ၂၁၃ ကြိမ်၊ မွန်ပြည်နယ်မှာ ၂၄၄ ကြိမ်၊ ပဲခူးတိုင်းမှာ ၂၅၉ ကြိမ်၊ ချင်းပြည်နယ်မှာ ၅၈၈ ကြိမ်၊ တနင်္သာရီတိုင်းမှာ ၁၀၇ ကြိမ်၊ မန္တလေးတိုင်းမှာ ၇၃ ကြိမ်၊ ရခိုင်ပြည်နယ်မှာ ၄၈ ကြိမ်၊ ရန်ကုန်တိုင်းမှာ ၃၀ ကြိမ်၊ ဧရာဝတီတိုင်းမှာ ရှစ်ကြိမ်၊ နေပြည်တော်မှာ တစ်ကြိမ် ဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအများဆုံး ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်မှာတော့ စစ်ကောင်စီတပ်က လေကြောင်းရော၊ ကြည်းကြောင်းကပါ တပ်မဟာအသီးသီးကို ထိုးစစ်ဆင်နေတာလို့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။

"အခုနောက်ပိုင်း စစ်ကောင်စီဘက်က မြေပြင်တိုက်ပွဲတွေမှာ တိုက်လို့မနိုင်တော့ဘူး ဆိုတာနဲ့ လေကြောင်းပစ်ကူတွေ ခေါ်လိုက်ရောပဲ။ ကေအဲန်ယူထိန်းချုပ်တဲ့ တပ်မဟာ ၈ ခုကို နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံနဲ့ စစ်ဆင်ရေးမျိုးစုံနဲ့ ဖိတိုက်နေတာပေါ့"

ပြည်တွင်းကာကွယ်ရေး တပ်တွေကို KNU နယ်မြေက မွေးထုတ်လိုက်တယ်ဆိုတဲ့ ယူဆချက်တွေနဲ့ ကရင်ပြည်နယ်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာလို့ သူက ပြောပါတယ်။

အာဏာသိမ်း ၂၁ လကျော်အတွင်း နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၉၁ မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီအထဲက တိုက်ပွဲပေါင်း ၃,၉၉၇ ဟာ ကရင် အမျိုးသားအစည်းအရုံး KNU နယ်မြေ တပ်မဟာ (၅) ဖာပွန်(မူတြော်) ခရိုင်ထဲမှာ ဖြစ်ပွားခဲ့တယ်လို့ ISP Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org