ကရင့်အာဇာနည်နေ့ ရန်ကုန်မှာ ပထမဆုံးအကြိမ် ကျင်းပ
ဒီနေ့မှာ ကျရောက်တဲ့ ၆၄ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ တက္ကသိုလ်ဝင်းထဲက ဂျက်ဆင်ခန်းမမှာ ကရင်အမျိုးသမီးအစည်းအရုံးနဲ့ ကရင်လူငယ်ကွန်ရက်ကဦးစီးပြီး ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။
-
2014-08-12 -
-
-
Your browser doesn’t support HTML5 audio
ဒီနေ့မှာ ကျရောက်တဲ့ ၆၄ နှစ်မြောက် ကရင့် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ တက္ကသိုလ် ဝင်းထဲက ဂျက်ဆင်ခန်းမမှာ ကရင်အမျိုးသမီးအစည်း အရုံးနဲ့ ကရင်လူငယ်ကွန်ရက်ကဦးစီးပြီး ပထမဆုံး အကြိမ် ကျင်းပခဲ့ပါတယ်။
ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက်ကို ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က ဒေါ်စူစန်နာလှလှစိုးက အခုလိုပြောပါတယ်။
"ကရင်အပါအဝင် တိုင်းရင်းသားအများစု ဟာ တော်လှန်ရေးလုပ်နေတဲ့ ကာလအတွင်းမှာ အသက်တွေပေးခဲ့ရတယ်၊ လူမသိပဲလည်း တောထဲ မှာသေသွားတဲ့ ပေးဆပ်တဲ့ အသက်ပေါင်းများစွာ လည်း ရှိတယ်လေ၊ အခုလိုအချိန်မှာ သူတို့ကို သတိရအောက်မေ့တဲ့အားဖြင့်ပေါ့နော်၊ ကျမတို့လည်းပဲ ဒီအာဇာနည်တွေကို ဂုဏ်ပြုရာကျတယ်၊ နောက် ပြီးတော့ အခုလောလောဆယ်လုပ်နေတဲ့ ငြိမ်းချမ်းရေး အပစ်အခတ်ရပ်စဲရေးကိုလည်း အားပေးရာကျတယ်ပေ့ါနော်"
အရင်က ကရင့်အာဇာနည်နေ့ အခမ်းအနားတွေကို ရန်ကုန်မြို့မှာ တရားဝင်ကျင်းပခွင့်မရခဲ့ဘဲ ဒီနှစ်မှာ ပထမဆုံးအကြိမ် ကျင်းပခွင့်ရတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ကရင်ပြည်နယ် ဖာပွန်ခရိုင် ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးကျေးရွာမှာ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့တာဖြစ်ပြီး အဲ့ဒီနေ့ကို ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့အခမ်းအနားကို ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ကရင်အမျိုးသမီး အစည်း အရုံးစတဲ့ အဖွဲ့အစည်း ၉ဖွဲ့က သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပြီး လူ ၁၀၀၀ လောက် တက်ရောက်ခဲ့ပါ တယ်။
ဒီအတောအတွင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသရောက် ကရင်တိုင်းရင်းသားတွေ ဦးဆောင်တဲ့ ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားတစ်ရပ်ကို မဲဆောက်မြို့ တောရဘုန်းတော်ကြီး ကျောင်းမှာ ဒီကနေ့ မနက်ပိုင်းက ပြု လုပ်ခဲ့ပြီး လူနှစ်ထောင်ကျော် တက်ရောက်ခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေး နာယကအဖွဲ့ဝင် စောမင်းသိန်းစံက အခုလိုပြောပါတယ်။
“ချည်ဖြူမင်္ဂလာပွဲကို ပြုလုပ်ခြင်းသည် မိမိရဲ့ဓလေ့ရိုးရာ ဖြစ်တဲ့အတွက်ကြောင့်မို့ အဖိုးအဖွား အဖေအမေတော်တဲ့ လက်ဦးဆရာသမားတွေကို ပြန်လည်ပူဇော်ကန်တော့တဲ့အနေနဲ့ ချည်ဖြူတွေကို ပြန်ပြီးတော့ ခုနှစ်ရက်သော သားသမီး အယုတ်အလတ်အမြတ်မရွေး၊ ရွှေ့ပြောင်းတိုင်းရင်းသားများ လူမျိုးမရွေး ညီအစ်ကိုမောင်နှမ အပေါင်းတို့ကို ချည်ဖြူဖွဲ့ပေးရတယ်။ လက်ချည်ပေးရတယ်ဆိုတာ ဒါလောကီရဲ့အကျိုးကောင်း၊ ပြီးတော့ လောကုတ္တရာရဲ့အကျိုးပံ့ပိုးနိုင်ဖို့ အကျိုးကိုရည်မှတ်ပြီးတော့ ပြုလုပ်ရခြင်းလည်းဖြစ်ပါတယ်”
ဒီချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးက သဝဏ်လွှာပေးပို့ခဲ့ပြီး ကရင်ရိုးရာဒုံးယိမ်းအကတွေ တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားပွဲကို မဲဆောက်မြို့ တောရဘုန်းတော်ကြီးကျောင်းမှာ နှစ်စဉ် ဝါခေါင်လရောက်တိုင်း ကရင်တိုင်းရင်းသားတွေ စုပေါင်းကျင်းပခဲ့တာ ဒီနှစ်ပါနဲ့ဆိုရင် (၂၃) ကြိမ်မြောက်ရှိပြီလို့လည်း သိရပါတယ်။
ရန်ကုန်မြို့ ဂျက်ဆင်ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့တဲ့ ၆၄ နှစ်မြောက် ကရင့်အာဇာနည်နေ့ အကြောင်း RFA သတင်းထောက် မဝေမာထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။