PDF ထောက်ပံ့စွပ်စွဲချက်နဲ့ သံဃာတော်သုံးပါး ထောင်ဒဏ် ၂၂ နှစ်စီ ချမှတ်ခံရ
ပုသိမ်ကြီးမြို့နယ်၊ ပျော်ဘွယ်ကျေးရွာ တောကျောင်းကြီး ဘုန်းကြီးကျောင်းက သံဃာတော်သုံးပါး ကို PDF အဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၂၂ နှစ်စီ ချမှတ်လိုက်ပါတယ်။
-
RFA Burmese
2023-05-25 -
-
-
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ပျော်ဘွယ်ကျေးရွာ တောကျောင်းကြီး ဘုန်းကြီးကျောင်းက သံဃာတော်သုံးပါး ကို PDF အဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အောင်မြေသာဇံ ခရိုင်တရားရုံးက မေလ ၂၃ ရက်နေ့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ - ၅၀ (ည)နဲ့ ထောင်ဒဏ် ၂၂ နှစ်စီ ချမှတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဘုန်းကြီးကတော့ PDF မလုပ်ဘူးပေါ့ဗျာ။ PDF လုပ်တဲ့ ကလေးတွေက အဲဒီ ရွာကျောင်းမှာ အခြေစိုက်လိုက်။ အဲဒီရွာ ကျောင်းကနေ မန္တလေးမြို့ထဲကို ဒရုန်းတွေ လွှတ်လိုက်နဲ့ဆိုတော့ ရွာခံတွေကိုယ်တိုင်ကလုပ်တော့ ဘုန်းကြီးတွေက အားပေးသလို ဖြစ်သွားတာပေါ့။ ဘုန်းကြီးက ကျွေးမွေးထားတယ်။ အလှူခံပေးတာမျိုးတွေပါ လုပ်တော့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)နဲ့ ထောင်ဒဏ်တွေ ကျသွားတာပဲ”
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတဲ့ သံဃာတော်သုံးပါးထဲက တစ်ပါးဟာ မတ္တရာ မြို့နယ်သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဆရာတော်ဖြစ်တယ်လို့လည်းပြောပါတယ်။ သံဃာတော်သုံးပါးစလုံးရဲ့ ဘွဲ့နာမည်တွေနဲ့ အသက်အရွယ်ကိုတော့ မသိရသေးပါဘူး။
နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း ထောင်ချခံရတဲ့ သံဃာတော်တွေဟာ PDF အဖွဲ့ဝင်တွေမဟုတ်ပေမဲ့ PDF တွေက ဘုန်းကြီးကျောင်းမှာ နေထိုင်လှုပ်ရှားခဲ့ရာကနေ ဖမ်းဆီးထောင်ချ ခံခဲ့ရတာလို့ ပြောပါတယ်။
လက်ရှိမှာ ဆရာတော် သုံးပါးစလုံး မန္တလေး၊ အိုးဘိုထောင်ထဲမှာ ထိန်းသိမ်း ခံထားရတယ်လို့လည်း ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၂၆၈၃ ဦးရှိပြီး အဲဒီအထဲက ၁၈၃၆၄ ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ အဲဒီအထဲက ၆၀၇၆ ဦးကတော့ ထောင်ဒဏ် ချမှတ်ခြင်းခံထားရပါတယ်။