လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနေရာကို လူစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခုတောင်းဆို

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားရဲ့ နေရာကို အခြားသူတစ်ဦးနဲ့ အစားထိုးပေးဖို့ နိုင်ငံရေးပါတီ ၂၄ ခု ခေါင်းဆောင်တွေက ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နဲ့ ဒီကနေ့ တွေ့ဆုံစဉ် တိုက်တွန်း ပြောကြားလိုက်ပါတယ်။

၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်က ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်၏ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen နှင့် နိုင်ငံရေးပါတီ ၂၄ ခုမှ ခေါင်းဆောင်များ တွေ့ဆုံဆွေနွေးနေစဉ်။ RFA

ရခိုင်အရေးနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနားရဲ့ပြောဆိုချက်တွေဟာ မျှတမှု မရှိတဲ့အတွက် အခုလို တိုက်တွန်း ပြောဆိုခဲ့ကြတာ ဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုက RFA ကို အခုလိုပြောပါတယ်။

"အဓိက ဆွေးနွေးတာကတော့ အခုရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ အဲဒီမှာ မစ္စတာ ကင်တားနားက သွားပြီးတော့ လူ့အခွင့်အရေး ကော်မရှင်ကနေ သွားကြည့်တယ်မလား။ သွားလေ့လာတယ်ပေါ့နော်။ အဲဒီအပေါ်မှာ သူတို့က အခြေခံပြီး ပြောသွားတာ။ အဲဒီမှာ မစ္စတာ ကင်တားနားက သွားကြည့်တဲ့ အခါမှာ အများ သုံးသပ်သွားတာကတော့ ဘက်လိုက်တယ်ဆိုတဲ့ အကြောင်း၊ ပြည်တွင်းမှာ ဝင်ရောက် စွက်ဖက်တယ် ဆိုတဲ့အကြာင်း ဘာကြောင့်လည်းဆိုတော့ ဒီ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် သတ်မှတ်ပေးရမယ်။ ဥပဒေပြဋ္ဌာန်းပြီး သတ်မှတ်ပေးရမယ် အဲလိုပြောသွားတာက ဘက်လိုက်တာ ဆိုပြီးတော့ သုံးသပ်ကြတယ်။ မစ္စတာ ကင်တားနားကိုတောင် နောက်တစ်ကြိမ် မြန်မာပြည်ထဲမှာ သူ့ကိုယ်စားပေါ့၊ တခြား တစ်ယောက်ကို အစားထိုးပေးပါ။ သူ့ကို လာပြီးတော့ လေ့လာတဲ့ ပုဂ္ဂိုလ်အနေနဲ့တော့ မထားပါနဲ့တော့ ဆိုပြီးတော့ အဲလောက်အထိကို ပြောသွားတယ်"

မရမ်းကုန်းမြို့နယ်မှာရှိတဲ့ Myanmar Egress ရုံးမှာ ကျင်းပခဲ့တဲ့ အဲဒီ တွေ့ဆုံပွဲမှာ တိုင်းရင်းသား ညီလာခံ ခေါ်ယူရေးကိစ္စ၊ ပီပြင်တဲ့ ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးကိစ္စနဲ့ ဘိန်းစိုက်ပျိုးမှု လျော့ကျရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ နိုင်ငံရေးအကြံပေး Mrs. Marianne Hagen က နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့ တင်ပြချက်တွေကို ကုလသမဂ္ဂ အထက် အရာရှိတွေထံ ပြန်လည် အစီရင်ခံမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org