မြန်မာဘက်ပြန်လာဖို့ စာရင်းပေးထားတဲ့ ဒုက္ခသည် ၂၂ဝဝဝ ကျော်ရှိ
မြန်မာနိုင်ငံက နေရပ်စွန့်ခွာ ထွက်ပြေးသွားတဲ့သူတွေကို ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ပေးပို့ထားတဲ့ ဒုက္ခသည်စာရင်း နှစ်သောင်းနှစ်ထောင်ကျော် ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ပြောလိုက်ပါတယ်။
-
2018-12-19 -
-
-
မြန်မာနိုင်ငံက နေရပ်စွန့်ခွာ ထွက်ပြေးသွားတဲ့သူတွေကို ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ပေးပို့ထားတဲ့ ဒုက္ခသည်စာရင်း နှစ်သောင်းနှစ်ထောင်ကျော် ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ပြောလိုက်ပါတယ်။
ဝန်ကြီး ဦးသိန်းဆွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးပို့လာတဲ့ လူစာရင်း ၂၂၀၀၀ ကျော်ရှိကြောင်း၊ အဲဒါတွေကို ပြန်လည်လက်ခံဖို့ စိစစ်နေပြီး မြန်မာနိုင်ငံမှာ နေခဲ့တဲ့သူတွေ မှန်ကန်တယ်ဆိုရင် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘယ်သူတွေကိုတော့ လက်ခံနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပေးပို့သွားမှာဖြစ်ကြောင်း ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်မှာ ပြောပါတယ်။
တဆက်တည်းမှာပဲ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံဖို့ကိစ္စကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ဦးဆောင်ညှိနှိုင်းနေတယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ က အကြမ်းဖက် တိုက်ခိုက်မှုအပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် စုစုပေါင်း ခုနှစ်သိန်းကျော်ရှိတယ်လို့ နိုင်ငံတကာ မီဒီယာတွေက ဖော်ပြကြပါတယ်။
ထွက်ပြေးသွားသူတွေ ပြန်လည်လက်ခံဖို့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးခဲ့ပေမယ့် ပြန်လည်လက်ခံရေးအစီအစဉ်တွေ လက်ရှိအချိန်အထိ ရွှေ့ဆိုင်းနေရဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်ကတော့ ပြန်လည်လက်ခံဖို့ အဆင့်သင့် ဖြစ်နေပြီလို့ ပြောထားသလို UNHCR နဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ လက်မှတ်ရေးထိုးပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။