တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ အပစ်အခတ်ရပ်စဲရေးမူကြမ်း လက်မှတ်ရေးထိုး

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ လော်ခီးလာ (ခေါ်) လေးဝါးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့က တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး မူကြမ်းကို ဒီနေ့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

KNU ထိန်းချုပ်နယ်မြေ လော်ခီးလာ ခေါ် လေးဝါးဒေသမှာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က စတင်ကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးပွဲကို တွေ့ ရစဉ် photo: RFA/ Sai HTun Aung Lwin

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ လော်ခီးလာ (ခေါ်) လေးဝါးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့က တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး မူကြမ်းကို ဒီနေ့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီမူကြမ်းကို ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့က လက်မှတ်မထိုးပဲ ကျန် ၁၆ ဖွဲ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီထွက်ပေါ်လာတဲ့ မူကြမ်းဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ အဆင်ပြေစေလိမ့်မယ်လို့ မျှော်လင့်ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU အတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်းက ပြောပါတယ်။

“တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကတော့ နှစ်ဘက်စလုံးကနေ ညှိနှိုင်းပြီးတော့မှ ဒါကသဘောတူညီချက် ယူသွားရမှာကိုး၊ ဒီအဆင့်တော့ ရောက်သွားမှာပဲလို့ ကျနော်တို့ ယုံကြည်ပါတယ်၊ ဒီမှာကကျတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မူဘောင်ကိုကျတော့ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး ဘယ်နှစ်ရက်အတွင်းမှာ ပြီးမယ်ဆိုတဲ့ကိစ္စ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ဘယ်တော့စမလဲဆိုတဲ့ ရက်သတ်မှတ်မှုပဲရှိပါတယ်”

မနှစ်နှစ်ကုန်ပိုင်းက ကေအိုင်အိုဌာနချုပ် လိုင်ဇာမှာကျင်းပတဲ့ ညီလာခံမှာလည်း RCSS/SSA က လက်မှတ်မထိုးခဲ့ပါဘူး။ ဒါပေမယ့် အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေအားလုံး သဘောတူတဲ့အချိန်ကျရင် လက်မှတ်ရေးထိုးမယ်လို့လည်း သိရပါတယ်။

အဲ့မူကြမ်းထဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး ၂ လအတွင်း အစိုးရ၊ တပ်မတော်နဲ့ အင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ကျင်းပဖို့နဲ့ မတရားအသင်းဥပဒေကို ပယ်ဖျက်ပေးဖို့ဆိုတဲ့ အချက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စ ုတပ်မတော် ဖွဲ့စည်းရေးကိုလည်း မူကြမ်းထဲမှ အခန်းတစ်ခုအနေနဲ့ ထည့်သွင်းထားပါတယ်။ ဒီနေ့ တိုင်းရင်းသား ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးတဲ့ မူကြမ်းကို လာမယ့် ဖေဖော်ဝါရီလအတွင်း ဘားအံမြို့မှာကျင်းပမယ့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲမှာ တင်ပြဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီလက်မှတ်ရေးထိုးပွဲအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org