တရုတ်မှာ ထိန်းသိမ်းခံထားရတဲ့ ရခိုင်ဒေသခံ ၁၄ ဦး မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါက်စန်းမြို့ လုံးရန် ဘိန်းဖြတ်စခန်းမှာ မြန်မာနိုင်ငံသား တစ်ထောင်ဝန်းကျင် ထိန်းသိမ်းခံထားရပြီး အဲဒီထဲက ရခိုင်ဒေသခံ ၁၄ ဦးကတော့ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ လုံးရန် ဘိန်းဖြတ်စခန်းကနေ ပြန်လည်လွတ်မြောက်လာသူအချို့က RFA ကို ဒီနေ့ ပြောပါတယ်။
- 2022-05-27
-
-
-
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါက်စန်းမြို့ လုံးရန် ဘိန်းဖြတ်စခန်းမှာ မြန်မာနိုင်ငံသား တစ်ထောင်ဝန်းကျင် ထိန်းသိမ်းခံထားရပြီး အဲဒီထဲက ရခိုင်ဒေသခံ ၁၄ ဦးကတော့ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ လုံးရန် ဘိန်းဖြတ်စခန်းကနေ ပြန်လည်လွတ်မြောက်လာသူအချို့က RFA ကို ဒီနေ့ ပြောပါတယ်။
“သူတို့ နေရပ်လိပ်စာတွေ ရေးပေးလိုက်ပြီး အကူအညီတောင်းလာခဲ့တယ်။ အလုပ်ထဲမှာ တရုတ်မှတ်ပုံတင်မရှိရင် အလုပ်မရဘူးဆိုတော့ ပွဲစားတွေကနေ မှတ်ပုံတင်အတုတွေ လုပ်ပေးတော့ ရဲတွေမိတာပေါ့။ အဲဒီ ၁၄ ယောက်အဖွဲ့က ဖောင်ဖြည့်ခွင့် လုံးဝမရဘူး။ ညီမတို့က တရုတ်စကားတတ်တော့ ညီမတို့ကို ငိုပြီးတော့ သွားမေးခိုင်းတယ်။ ကူညီ ပေးပါပေါ့။ ကျန်တဲ့သူတွေက အားလုံးပြန်ခွင့်ရနေပြီ။ သူတို့က ဖောင်လည်း ဖြည့်ခွင့် မရဘူး။ တရုတ်ရဲတွေကိုမေးတော့ သူတို့နဲ့ မဆိုင်ဘူး၊ တခြားစခန်းကနေ သူတို့ဆီကို ဖိုင်တွေမပို့ပေးရင် ဘာမှလုပ်လို့ မရဘူးပြောတယ်” လို့ လုံးရန် ဘိန်းဖြတ်စခန်းမှာ ခုနစ်လကျော်ကြာ ထိန်းသိမ်းခံထားရာကနေ ပြန်လွတ်လာတဲ့ ရှမ်းပြည်နယ် မိုးမိတ်မြို့ခံ မအေးမိုးက ပြောပါတယ်။
အဲဒီ မြန်မာနိုင်ငံသား ရခိုင်ဒေသခံ ၁၄ ဦးဟာ ၂၀၂၂ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ကွမ်တုန်း ပြည်နယ် အကျဉ်းထောင်ကနေ ယူနန်နယ်စပ် ပေါက်စန်းမှာရှိတဲ့ လုံးရန် ဘိန်းဖြတ်စခန်း ကို ရောက်လာကြတာလို့ ဆိုပါတယ်။
အဲဒီ ၁၄ ဦးထဲမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သဝင်ကိုင်းကျေးရွာအုပ်စု ဂွေလိုင် ရွာက ဦးမောင်ဖိုးကျော် ရဲ့ သမီး မသန်းဝင်းနဲ့ ဦးမောင်ထွန်းညိုရဲ့ သား မောင်လှသန်း၊ ပုဏ္ဏားကျွန်းမြို့ နယ် ယိုးငူကျေးရွာက ဦးမောင်ကျော်မြရဲ့ သား မောင်စံရွှေမြ၊ ဦးလှထွန်းရဲ့ သမီး မခိုင်နုမေ၊ ဦးလှစိန်အောင်ရဲ့ သမီး ဒေါ်ဌေးဌေးဦးနဲ့ မသန်းဌေးဝင်းတို့ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ လိပ်စာတွေရေးပေးဖို့ အချိန်မရလိုက်ဘူးလို့ မအေးမိုးက ပြောပါ တယ်။
တရုတ်နိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေဟာ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားတွေပြနိုင်မှ အချိန်တိုအတွင်း လွတ်မြောက်နိုင်မှာဖြစ်ပြီး အထောက် အထားမပြနိုင်သူတွေနဲ့ မိသားစုနဲ့ သံရုံးအဆက်အသွယ် မရသူတွေကတော့ နှစ်နဲ့ချီ ဆက်လက်ဖမ်းဆီးခံနေရတယ်လို့ ရွှေလီက အလုပ်သမားအရေး ကူညီပေးနေသူ ကိုကျော်ကျော်က ပြောပါတယ်။
ဘေဂျင်းမှာရှိတဲ့ မြန်မာသံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ အရာရှိ တစ်ဦးကတော့ မြန်မာနိုင်ငံသားအများစုဟာ တရုတ်နိုင်ငံအတွင်းမှာ တရားမဝင် လာရောက် အလုပ်လုပ် ကိုင်တာကြောင့် ဖမ်းဆီးခံရမှုက ပိုများနေတာလို့ ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေအနေနဲ့ သူတို့ဟာ မြန်မာနိုင်ငံ ဘယ်ဒေသကဖြစ် တယ်ဆိုတာကို တရုတ်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကို အချက်အလက် တွေ ပေးပို့နိုင်ရင် သံရုံးက နိုင်ငံသားစိစစ်တာတွေ လုပ်ပြီး အမြန်ဆုံးပြန်လွတ်အောင် ကူညီပေး နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ မြန်မာနိုင်ငံသား ၁၅၆၀ အထိ ရှိခဲ့ပြီး ၂၀၂၀ မတ်လကနေ ဆိုရင် တရုတ်နိုင်ငံမှာ ဖမ်းဆီး ခံထားရတဲ့ မြန်မာနိုင်ငံသား ၅၀၀၀ ကျော်ကို နေရပ် ပြန်နိုင်ရေး ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဘေဂျင်းမှာရှိတဲ့ မြန်မာသံရုံး အရာရှိက ဆိုပါတယ်။
ဆက်လက်ပြီး ဖမ်းဆီးခံထားရသူတွေ ပြန်လွတ်နိုင်ရေးအတွက် တရုတ်နိုင်ငံ တာဝန်ရှိသူ တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။
ကွမ်တုန်း၊ ဟုန်နန်နဲ့ ကွမ်ရှီးကျွန်းမှာရှိတဲ့ မြန်မာလုပ်သားတွေကိစ္စကို နန်နင်းမြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန် ချုပ်ရုံးက တာဝန်ယူဆောင်ရွက်နေပြီး ယူနန်ပြည်နယ်မှာတော့ ကူမင်းမြို့ ကောင်စစ်ဝန်ရုံးချုပ်က တာဝန်ယူ ဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါ တယ်။