မိုးဗြဲနဲ့ ကယားပြည်နယ်မှာ တစ်လအတွင်း အရပ်သား ၁၀ ဦးသေ၊ ၂၃ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်နဲ့ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်တွေအတွင်း စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲကြောင့် ကလေးငယ် သုံးဦး အပါအဝင် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) စက်တင်ဘာ၂၈ ရက် ဒီကနေ့ထုတ် ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် မိုးဗြဲမြို့မှ နေအိမ်တချို့အား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Photo: Progressive Karenni People Force - PKPF

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်နဲ့ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်တွေ အတွင်း စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲကြောင့် ကလေးငယ် သုံးဦး အပါအဝင် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) စက်တင်ဘာ၂၈ ရက် ဒီကနေ့ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်း- ကယား နယ်စပ်က မိုးဗြဲမြို့နယ်မှာ အရပ်သားသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှု အများဆုံး ဖြစ်ပါတယ်။ စက်တင်ဘာလအတွင်း မိုးဗြဲမြို့နယ်မှာ ကလေးငယ် သုံးဦး အပါအဝင် အရပ်သား ငါးဦး သေဆုံးပြီး ၁၇ ဦးအထိ ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးကျည်ကြောင့် မိုးဗြဲမြို့ပေါ်က နေအိမ် ၁၀၀ ဝန်းကျင် ပျက်စီးခဲ့တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

ဒီအပြင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ အရပ်သား နှစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့သလို ဒီးမော့ဆိုမြို့နယ်မှာ အရပ်သား သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရှိခဲ့ပါတယ်။

အရပ်သားတွေဟာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်နဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရတာလို့ KCSN ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

KCSN ရဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေကြောင့် အရပ်သား ၂၇၈ ဦးသေဆုံးခဲ့ပြီး ၂၀၂၁၁၅ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဒါ့အပြင် လူနေအိမ် ၈၂၉ လုံးလည်း ပျက်စီးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org