စစ်တပ်က အာဏာသိမ်းလိုက်ပြီး ၁၇ ရက်မြောက် ဒီနေ့မှာ စစ်အစိုးရကို ဆန့်ကျင်တဲ့ လူဦးရေ သန်းနဲ့ချီဟာ ရန်ကုန်မြို့လယ်ခေါင်မှာ လာရောက်စုဝေးကြလို့ လူပင်လယ်ကြီး ဖြစ်သွားခဲ့ပါတယ်။ ဒီလူအုပ်ကြီးဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊
သမ္မတဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးဖို့နဲ့ စစ်အစိုးရ မပြုတ်မချင်း နိုင်ငံ့ ဝန်ထမ်းတွေ အာဏာဖီဆန်ရေး လှုပ်ရှားမှုလုပ်ဆောင်ဖို့ တောင်းဆို ဆန္ဒပြခဲ့ပါတယ်။
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က အသံဖိုင်နဲ့ ဆန္ဒပြသူတွေကို စကား ပြောခဲ့သလို နိုင်ငံရေးတက်ကြွသူတွေ၊ ရှေ့နေတွေ၊ အနုပညာရှင်တွေကလည်း အားပေးတိုက်တွန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။