ရေချွေတာသုံးစွဲရေး အသိပညာပေးဖို့ လိုအပ်နေပြီလို့ ဆွေးနွေး
2019.09.23
ရေကိုလွယ်လွယ်ကူကူရနေတဲ့သူအများစုဟာ ရေပေါများတယ်အထင်နဲ့ ဖြုန်းတီးတာတွေများနေတယ်လို့ ဒီကနေ့ UMFCCI မှာ ကျင်းပတဲ့ Water Economic Forum မှာ ဆွေးနွေးသူတွေက ပြောကြပါတယ်။ ဒါ့အပြင် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီကနေ ပေးဝေနေတဲ့ ရေရဲ့ ၅၀ ရာခိုင်နှုန်းကလည်း လေလွင့်တာတွေ ရှိနေတယ်လို့ စည်ပင်ကော်မတီ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
ရန်ကုန်မြို့တော်စည်ပင်ကနေ ရေပေးဝေနေတဲ့ပိုက်လိုင်းတွေဟာ သက်တမ်းကြာရှည်နေတာကြောင့် ယိုယွင်းတာ၊ ပိုက်ဆက်ချိတ်တဲ့နေရာတွေမှာ ရေယိုစိမ့်နေတာ၊ တရားမဝင် ရေသွယ်တန်းတာ၊ ရေမီတာ မတပ်ထား တာတွေကြောင့် လေလွင့်ဆုံးရှုံးနေတာဖြစ်နေတယ်လို့ ရေရရှိရေးနဲ့ ရေပေးဝေရေးလုပ်ငန်း ဒုတိယညွှန်ကြားရေးမှူး ဒေါ်သွဲ့နိုင်ဦးက ပြောပါတယ်။
ရတဲ့ ၅၀ ရာခိုင်နှုန်းသော ရေပမာဏဟာလည်း ရေသုံးစွဲသူတွေဆီရောက်ဖို့ စက်ကြီးတွေနဲ့ တွန်းပို့ရတာဖြစ်တယ်လို့ ဒေါ်သွဲ့နိုင်ဦးက ပြောပါတယ်။
"ကျမတို့ ရေပေးဝေရေးစနစ်ကလည်း မြောက်ပိုင်းမှာရှိတဲ့ ရေကန်တွေကနေပြီးတော့ ရန်ကုန်မြို့ တောင်ဖျားမှာ ရှိတဲ့ Downtown မြို့နယ်တွေအထိ ရေတွန်းစက်တွေနဲ့ အဆင့်ဆင့် တွန်းပို့ပေးနေရတာဖြစ်ပါတယ်။ ရေတွန်း စက်တွေကို လျှပ်စစ်ဓာတ်အားနဲ့ တွန်းရတာဖြစ်ပါတယ်။ ရေလှောင်ကန်တွေမှာ လျှပ်စစ်မီးပြတ်တောက်သွားရင် မြို့တွင်းမြို့နယ်တွေကို ပြန်ရောက်ဖို့က အချိန်တွေယူရပါတယ်။ အဆင့်ဆင့်ကြာပါတယ်"
အခုလက်ရှိချိန်မှာဆိုရင် ရန်ကုန်မြို့ကို ရေပေးဝေနေတဲ့ ပမာဏဟာ တစ်ရက်မှာ ဂါလံသန်းပေါင်း ၂၀၅ သန်းရှိတယ်လို့ သိရပါတယ်။ အဲ့ဒီထဲကမှာ ၅၀ ရာခိုင်နုန်းဖြစ်တဲ့ ဂါလံ ၁ သန်းကျော်ဟာ လေလွင့်ဆုံးရှုံးမှုတွေ ဖြစ်နေတာပါ။
အဲဒီလေလွင့်ဆုံးရှုံးတာတွေကို လျော့နည်းအောင်လို့ကတော့ ဝန်ထမ်းဘက်မှာရော သုံးစွဲသူ လူထုဘက်မှာရော တာဝန်ရှိနေတယ်လို့ ရေရရှိရေးနဲ့ ရေပေးဝေရေးလုပ်ငန်း လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်က ပြောပါတယ်။
"ကျနော်တို့ ဒီဝန်ထမ်းတွေရဲ့ Awareness လူထုတွေရဲ့ Awareness က အရမ်းလိုပါတယ်။ လူထုဘက်ကလည်း ရေဖိုးရေခကို မှန်မှန်ကန်ကန်ပေးနိုင်ဖို့ ဝန်ထမ်းဘက်ကလည်း ဝန်ဆောင်မှုပေးရမှာဖြစ်သလို လူထုဘက် ကလည်း ရေဖိုးတွေမှန်မှန်ကန်ကန် ပေးချေဖို့ ၊ နောက်ပြီး ရေပိုက်ပေါက်တွေတွေ့ရင် ဝိုင်းဝန်းအကြောင်းကြား ပြီးတော့မှ ပြည်သူနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ရေလေလွှင့်ဆုံးရှုံးတာတွေ လျှော့ချသွားမယ်လို့ ယုံကြည် ပါတယ်"
ကမ္ဘာနဲ့အဝှမ်းမှာဆိုရင် စွမ်းအင်၊ စားနှပ်ရိက္ခာတွေအပါအဝင် ရေဟာလည်း ရှားပါးလာတဲ့ အရေးကြီးကဏ္ဍ တစ်ခုအနေနဲ့ ပါဝင်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဒုတိယ ရေအရင်းအမြစ်ပေါများတဲ့ နိုင်ငံဖြစ်ပေမဲ့ ပိုင်ဆိုင်တဲ့ရေတိုင်းဟာ သောက်သုံးလု့ိရတဲ့ ရေမဟုတ်ပါဘူး။ နောက်ပြီး မြန်မာနိုင်ငံထဲမှာ ရေရှားပါးတဲ့ ဒေသတွေ အများကြီးပါပဲ။
ဒါပေမဲ့ အများစုကတော့ဖြင့် ရေထိန်းသိမ်းရမယ်ဆိုတဲ့ အသိပညာကတော့ လိုအပ်နေတုန်းပဲလို့ ဆွေးနွေးသူ တစ်ယောက်ဖြစ်တဲ့ ဦးဇော်သန်းက ပြောပါတယ်။
"စာတတ်တဲ့သူ၊ စာဖတ်တဲ့သူ၊ အသိဉာဏ်ရှိတယ်ဆိုတဲ့ သူတွေတောင်မှ တစ်ခါတရံမှာ ဂရုမစိုက်မိပါဘူး။ အဲ့ဒါတော့။ အရေးမကြီးပါဘူး။ ရေတစ်ခွက်လောက် သွန်လိုက်တာနဲ့ အရေးမကြီးပါဘူး။ ရေတစ်ဂါလံ သွန်လိုက်ရုံနဲ့ အရေးမကြီးဘူး။ တစ်ဦးတည်း မှန်ပါတယ်။ ဒါပေမဲ့ တစ်ဦးချင်းတွေ များလာရင် ရေကောင်းရေ သန့်ကို အကျိုးမဲ့သုံးလိုက်တဲ့အတွက် အဟောသိကံ ဖြစ်သွားတာပေါ့"
ရေအရင်းမြစ်တွေ၊ ရေတွေကို ထိန်းသိမ်းဖို့ဆိုရင် အစိုးရသာမက ပြည်သူတွေမှာလည်း တာဝန်ရှိတယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာ သိန်းဆွေက RFA ကို ပြောပါတယ်။
"ကမ္ဘာမှာလည်း လုပ်ကြပြီ၊ မြန်မာမှာလည်း လုပ်ကြမယ်လို့ ယူဆပါတယ်။ ဘာလဲဆိုရင်၊ နိုင်ငံတော် အစိုးရချည်းပဲ အားကိုးလို့ မရဘူးနော်။ ပုဂ္ဂလိကရော၊ အပြင်ကလူတွေရော ပူးပေါင်းပြီးတော့ လုပ်ရမယ့် လုပ်ငန်းဖြစ်တယ်။ အာဏာရှိ အစိုးရကိုပဲ တာဝန်မထားဘဲနဲ့ ပြည်သူတွေအနေနဲ့လည်း တာဝန်ရှိတာကို ပြောချင်တယ်လေ"
ကမ္ဘာ့ရှားပါးလာတဲ့ အရင်းအမြစ်တွေထဲမှာ ရေလည်းပါဝင်နေပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်ချင်းစီကသာ ရေကိုတန်ဖိုးထားမယ်၊ ချွေတာမယ်၊ လေလွင့်တာတွေ မဖြစ်အောင် ထိန်းသိမ်းမယ်ဆိုရင် တခြားရေမရတဲ့နေရာတွေ ကို ရေပေးနိုင်ဖို့ အခွင့်အရေးတွေ ပိုရလာမယ့်အပြင် ရေအရင်းမြစ်တွေကိုလည်း ထိန်းသိမ်းသလိုဖြစ်တယ်လို့လည်း ပြောကြပါတယ်။ ဒါ့ကြောင့် အများပြည်သူတွေ သိရှိနားလည်းလာအောင်လည်း ပညာပေးလုပ်ငန်းတွေ လိုအပ်သလို ရေဖြုန်းတီးသူတွေကို အရေးယူတာတွေလည်း လိုအပ်တယ်လို့ ပြောကြပါတယ်။
(RFA သတင်းထောက် မဇာဏီထွဏ်း တင်ပြသည်)