သမိုင်းပညာရှင်ဒေါက်တာသန်းထွန်း အထိမ်းအမှတ်ပြတိုက်


2018.12.27

 

ကွယ်လွန်သွားပြီဖြစ်တဲ့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း အထိမ်းအမှတ်အဖြစ် သမိုင်းဌာန ပြတိုက်ဖွင့်လှစ်တဲ့ အခမ်းအနားကို ဒီနေ့ မန္တလေးတက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။

RFA သတင်းထောက် မခေမဏီဝင်းက တင်ပြထားပါတယ်။

ဒီနေ့ဖွင့်လှစ်တဲ့ မန္တလေးတက္ကသိုလ်က သမိုင်းပြတိုက်ဟာ တက္ကသိုလ်တွေထဲမှာ ပထမဆုံးဖွင့်လှစ်တာဖြစ်ပြီး အဲဒီ ပြတိုက်ဖွင့်လှစ်နိုင်ဖို့ နှစ်ပေါင်း ၄၀ ခန့် ကြိုးပမ်းခဲ့ကြရတယ်လို့ သမိုင်းပညာရှင်တွေက ပြောပါတယ်။

အဲဒီပြတိုက်ကို သမိုင်းဌာနက ဦးစီးဖွင့်လှစ်တာဖြစ်ပြီး ပြခန်း ၃ ခန်းမှာ ရှေးဟောင်းပစ္စည်းပေါင်း ၂၀၀ ကျော် ပြသထားတယ်လို့ သိရပါတယ်။

မြန်မာ့သမိုင်းကော်မရှင် ဒုတိယဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာတိုးလှက ဒီနေ့ဖွင့်လှစ်လိုက်တဲ့ သမိုင်းပြတိုက်ဟာ သမိုင်းကျောင်းသားတွေအတွက်သာ မဟုတ်ပဲ တက္ကသိုလ်ကျောင်းသား အားလုံးအသုံးချနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ် တာဖြစ်တယ်လို့ ပြောပါတယ်။

"သမိုင်းဌာနက ဆရာကြီး ဒေါက်တာသန်းထွန်းကို ဂုဏ်ပြုတဲ့အနေနဲ့ အမှတ်တရဖွင့်လိုက်တဲ့ ဒီပြတိုက်ဟာ ပြတိုက်ကို ဗဟိုပြုပြီးတော့ ကျောင်းသားတွေကို လက်တွေ့ပညာသင်ကြားပေးမယ်။ တခြားဌာနက လေ့လာ ချင်သူရှိရင်လည်း ဒီထဲမှာရှိတာကို ရှင်းလင်းတင်ပြပြီး အကြံဉာဏ်ကိုလည်းယူပါမယ်။ တက္ကသိုလ်ထဲတင်မကဘူး တခြားပြင်ပကစီးပွားရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာ ကျောင်းတွေက လာရောက်လေ့လာမယ် ဆိုရင်လည်း ဒီပြခန်းကြီးက အဆင်သဖြင့် ဖွင့်ထားပြီး ပညာသင်ကြားရာနေရာတစ်ခုအဖြစ် အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမယ်"

တဆက်တည်းမှာပဲ ရှေးဟောင်းပစ္စည်းတွေ မတိမ်ကော၊ မပပျောက်ရအောင်၊ ဘိုးဘွားအမွေတွေကို ထိန်းသိမ်းနိုင်အောင်နဲ့ လက်တွေ့လေ့လာသင်ကြားနိုင်အောင် ဆိုတဲ့အချက်တွေ အပါအဝင် လေ့လာသူတွေ သမိုင်းအသိတွေ တိုးတက်လာမယ်ဆိုရင် ပြတိုက်ဖွင့်ရကျိုးနပ်တယ်လို့ ဆရာကြီးဒေါက်တာတိုးလှက ပြောပါတယ်။

ဒီနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ပညာရေးဝန်ကြီး ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အလယ်တန်းအဆင့် ပညာရေးပြီးလို့ ကျောင်းသားတွေက ဝိဇ္ဇာ၊ သိပ္ပံ ရွေးချယ်ကြတဲ့အခါ သိပ္ပံဘာသာရပ်ကိုပဲ ယူတဲ့သူများနေတာကို သတိပြုမိကြောင်းနဲ့ သင်ကြားမှုနည်းနေတဲ့ သမိုင်းနဲ့ ပထဝီ ဘာသာရပ်တွေကိုလည်း သင်ယူစေဖို့ အားပေးသင့်ကြောင်း ပြောပါတယ်။

"လူမှုရေးသိပ္ပံဘာသာရပ်တွေဖြစ်တဲ့ သမိုင်းလိုဘာသာရပ်သည် အင်မတန်အရေးကြီးတဲ့ဘာသာရပ်လို့ ခံယူပါတယ်။ ခံယူထားတဲ့အတိုင်းပဲ စတင်ပြီးတာဝန်ယူတဲ့ကာလကစပြီးတော့ သမိုင်းဘာသာ၊ ပထဝီဘာသာတွေ၊ စီးပွားရေးရာဘာသာရပ်တွေက အရေးကြီးတယ်။ ဒီလိုဘာသာရပ်တွေမှာ ကျောင်းသား၊ ကျောင်းသူတွေ စိတ်ဝင်စားမှုနည်းနေတယ်။ သင်ယူမှုနည်းနေတာ သတိပြုမိတယ်။ သမိုင်းသုတေသနတွေ ၊ စာတမ်းဖတ်ပွဲတွေ၊ စကားဝိုင်းတွေများများလုပ်ပြီး ကျောင်းသူ၊ ကျောင်းသား ပြည်သူတွေသိအောင် ဆောင်ရွက်ပေးမယ်ဆိုရင် ကျောင်းသား၊ ကျောင်းသူတွေအများကြီး သင်ယူမှုရှိတဲ့၊ အခွင့်အလမ်းအများကြီးရှိတဲ့ ဘာသာရပ်ဖြစ်ပါတယ်။ သည်လိုဘာသာရပ်တွေကို ကျောင်းသူကျောင်းသားတွေ ရွေးချယ်ပြီး သင်ယူဖို့ အားပေးမြင့်တင် ဆောင်ရွက်သင့်တယ်လို့ အကြံပြုတိုက်တွန်းလိုပါတယ်"

ဒါ့အပြင် သမိုင်းဘာသာရပ်က တက္ကသိုလ်တွေရဲ့အောင်စာရင်းမှာ အကျအများဆုံး ဘာသာရပ်ဖြစ်နေတာကို တွေ့ရှိရတယ်လို့လည်း ပြောပါတယ်။

အဲဒီသမိုင်းပြတိုက်မှာ ကျောက်စာတွေ၊ ရတနာပုံမြို့တည်မြေပုံတွေ၊ ခေတ်အဆက်ဆက်က မြန်မာငွေစက္ကူတွေနဲ့ ရှမ်းရောင်စုံပုရပိုက်တွေ စသဖြင့် အမျိုးအစား အစုံအလင် ပြသထားတာကို တွေ့ရပါတယ်။

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းဟာ မန္တလေးတက္ကသိုလ်မှာ ၁၇ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။