မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တနင်္ဂနွေ

တင်အောင်ခိုင်
2023.06.26
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တနင်္ဂနွေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့စျေးတစ်ခုတွင် အလှူခံနေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်များ။
RFA

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရာမာ-၄ လမ်းမကြီးပေါ်မှာတည်ရှိနေတဲ့ Klong Toey ဈေးကြီးဟာ ၂၄နာရီ မပြတ် လည်ပတ်နေတဲ့ဈေးကြီးလို့ ဆိုပါတယ်။ ဒီဈေးမှာ သား၊ ငါး၊ ပုဇွန်နဲ့ အသီးအနှံ စုံစုံလင်လင် ရောင်းချနေသလို ကုန်စုံဆိုင်နဲ့ စားသောက်ဆိုင်တွေလည်း တွေ့ရပါတယ်။

ဒီဈေးဟာ ညမအိပ်တဲ့ ဈေးမို့ နေ့ဘက်ဖွင့်တဲ့ ဆိုင်တွေ ပိတ်သိမ်းချိန်မှာ ညဘက်ဖွင့်တဲ့ ဆိုင်တွေ အစီအရီ ဖွင့်လာကြပါတယ်။ ဒီဈေးမှာ ရောင်းသူရော ဝယ်သူပါ ဗမာပြည်သားတွေ အတော်များပါတယ်။ ဒါဟာလည်း ဈေးထဲမှာ ရောင်းနေတဲ့ ကွမ်းယာဆိုင်တွေကို ကြည့်ရင် သိနိုင်သလို ဗမာစကားပြောသံတွေ နေရာတကာ ကြားနေရလို့ ဖြစ်ပါတယ်။

ပြီးတော့ ဗမာတွေ ကြိုက်နှစ်သက်တဲ့ အကြော်စုံ၊ အသုပ်စုံက အစ ဟင်းလျာမျိုးစုံကို ရောင်းချနေတာတွေ့ရလို့ပါ။ ဒီဈေးမှာ ဆိုင်ဖွင့်လာတာ ၁၅ နှစ်လောက်ရှိပြီဆိုသူ မွန်ပြည်နယ်က အမျိုးသမီးကို မေးကြည့်တော့ နေ့လယ်ပိုင်းမှာ လူပါးပေမဲ့ တစ်ပတ်လုံးပိတ်ရက်မရှိ ၂၄ နာရီဖွင့်ပြီး ရောင်းရတယ်လို့ ဆိုပါတယ်။

“မနက်ပိုင်းတစ်ချိန် လူရှိတယ်။ ညနေပိုင်းလည်း လူရှိပါတယ်။ နေ့လယ်ပိုင်း နည်းနည်းပါးပါတယ်။ ဟင်းတွေကိုတော့ မနက်တစ်နာရီလောက်က ချက်တာ”

ဈေးကြီးအတွင်း ထူးထူးခြားခြား နောက်တွေ့ရတာကတော့ အလှူခံပုံးလေးတွေ ကိုင်ပြီး အလှူခံနေကြသူများပါ။

“မြန်မာပြည်က PDF တွေ စစ်ဘေးရှောင်တွေ မီးဘေးသင့်ပြည်သူတွေအတွက် အလှူခံနေတာပါခင်ဗျာ”

သူတို့ကတော့ ဘန်ကောက်မြို့မှာ နေထိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေပါ။ တနင်္ဂနွေနဲ့ ရုံးပိတ်ရက်တွေမှာ မြန်မာပြည်က စစ်ဘေးရှောင်တွေနဲ့ နေအိမ်တွေမီးရှို့ဖျက်ဆီးခံရသူတွေအတွက် အလှူခံနေတာပါလို့ဆိုပါတယ်။

အလုပ်သမားလူငယ်တစ်ဦးကတော့ အနိုင်ကျင့်တာကိုမကြိုက်လို့ အလှူခံပြီး စစ်ကောင်စီကို ပြန်တိုက်ဖို့ဖြစ်တယ်လို့ ပြောပါတယ်။

“အနိုင်ကျင့်တာကို မကြိုက်လို့ပါ။ ကိုယ့်နိုင်ငံကိုလည်း သူများနိုင်ငံတွေလို တိုးတက်စေချင်ပါတယ်။ ကျွန်တော်ကတော့ နိုင်ကို နိုင်ရမယ်လို့ ယုံကြည်ပါတယ်”

thailand2.jpg
Photo: RFA

တစ်ဆက်တည်း အာဏာသိမ်းတာကို မကျေနပ်လို့ဆန္ဒပြတာကို ဖြိုခွင်းခံရပြီးနောက် ထိုင်းနိုင်ငံကို ထွက်လာသူ ပဲခူးဒေသခံ ဆိုင်ရှင်တစ်ဦးကလည်း အလှူခံအဖွဲ့တိုင်းကို အပတ်စဉ်လှူဒါန်းနေပါတယ်လို့ပြောပါတယ်။

“ကျွန်တော့် တာဝန်ကတော့ လာအလှူခံရင် ထည့်တာပဲ။ အဖွဲ့တိုင်းကို ထည့်တယ်”

ဒီနေရာမှာ အခု အလှူခံရရှိတဲ့ ငွေတွေကို လိုအပ်သူတွေ လက်ထဲအရောက် ဘယ်လိုပို့ဆောင်သလဲဆိုတဲ့ မေးခွန်း ရှိနေပါတယ်။ လိုအပ်တဲ့သူတွေထံကို ထောက်ပို့အဖွဲ့တွေက တာဝန်ယူပို့ဆောင်တယ်လို့ ပြောပါတယ်။

“မြေပြင်နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး တကယ်လုပ်နေတဲ့အဖွဲ့တွေကို ကျွန်တော်တို့ ကိုယ်တိုင်တော့ ပစ္စည်းဝယ်ပြီး မပို့နိုင်ဘူး။ လုပ်ပေးတဲ့ အဖွဲ့တွေ ရှိပါတယ်။ ကျွန်တော်တို့က ငွေပို့ပေးတယ်”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။