တန့်ဆည်မြို့နယ်မှာ အာဏာဖီဆန်ရေး ဆန္ဒပြသူ သုံးဦး အဖမ်းခံရ

2021.04.27

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျေးရွာတချို့က အာဏာသိမ်းစစ်အစိုးရကို ကန့်ကွက်ဆန္ဒပြသူ သုံးဦး ဒီကနေ့ ဧပြီ ၂၇ ရက် မနက်ပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသအခြေစိုက် Teze News Agency က သတင်းထုတ်ပြန်ထားပါတယ်။

အဖမ်းခံရသူတွေကတော့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျရွာက နှစ်ဦးနဲ့ ချောင်းဆုံ(တ) ရွာက တစ်ဦးဖြစ်တယ်လို့ Teze News Agency က ဆိုပါတယ်။

ရွာမှာရှိတဲ့ သတင်းပေးသူတွေကြောင့် ဒီကနေ့မနက်ပိုင်းမှာ ချောင်းဆုံရွာကို စစ်ကား ၅ စီးရောက်လာပြီး၊ ဈေးရောင်းနေတဲ့ အမျိုးသမီး တစ်ဦးကို သေနတ် ၆ ချက်ဖောက်ပြီး ဖမ်းသွားတာလို့ ဒေသခံတွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဈေးဝယ်ပြန်လာသူ ကာပေါင်းကျရွာသား နှစ်ဦးအားကိုလည်း လမ်းတစ်ဝက်ကနေ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Teze News Agency သတင်းမှာ ဖော်ပြထားပါတယ်။

စစ်သားတွေက တန့်ဆည်မြို့နယ်ထဲက ဒေသခံတွေကို ဖမ်းဆီးငွေတောင်းတာ၊ လူကိုဖမ်းမမိရင် အိမ်တွင်းက ‌တန်ဖိုးကြီးပစ္စည်းနဲ့ ငွေတွေကို ယူဆောင်သွားတာတွေကို နေ့စဉ် ပြုလုပ်နေကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

ဒီလို အကြမ်းဖက်အနိုင်ကျင့်မှု၊ ဖမ်းဆီးမှုတွေ ရှိနေပေမယ့် တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေမှာ ဒေသခံတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြမှုတွေကို နေ့စဉ်လုပ်ဆောင်လျက်ရှိကြောင်းလည်း Teze News Agency က ဗီဒီယိုမှတ်တမ်းနဲ့တကွ RFA ကို သတင်းပေးပို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။