အကူအညီမဲ့သူတွေအတွက် တောင်ငူမြို့က ကမ်းလက်တစ်စုံ

2022.11.01
အကူအညီမဲ့သူတွေအတွက် တောင်ငူမြို့က ကမ်းလက်တစ်စုံ ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ အခက်အခဲဖြစ်နေသူများကို ကူညီပေးနေသည့် အခြေစိုက်တဲ့ Save the Trees Rescue အဖွဲ့ဥက္ကဋ္ဌ ကိုကျော်သူရကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ပဲခူးတိုင်း တောင်ငူမြို့မှာနေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် ကိုကျော်သူရဟာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က တောင်ငူမြို့နယ်တစ်ဝိုက်မှာ Save the Trees ဆိုတဲ့ နာမည်နဲ့ သစ်ပင်စိုက်ပျိုးတဲ့ ပရဟိတအလုပ်ကို လုပ်ကိုင်ခဲ့သူပါ။

သူတို့အဖွဲ့ဟာ ကိုဗစ်ကူးစက်မှုတွေ မြင့်ခဲ့ချိန်က ကိုဗစ်စင်တာတစ်ခု ဖွင့်လှစ်ပြီး ကူညီခဲ့ရာကနေ နောက်ပိုင်းမှာတော့ ဆင်းရဲနွမ်းပါးသူတွေ၊ မိသားစု စွန့်ပစ်ခံရတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဆွေမျိုးမဲ့ ကလေးမိခင်တွေကိုပါ ဆက်လက် ကူညီပေးနေတာပါ။

နိုင်ငံရေး အခြေအနေတွေကြောင့် ပြည်သူတွေ အကျပ်အတည်းနဲ့ ကြုံနေရချိန်ဖြစ်လို့ သစ်ပင်စိုက်တာတွေကို အာရုံမပြုနိုင်တော့ဘဲ ဒီပရဟိတ အလုပ်ကိုပဲ ဆက်လုပ် ဖြစ်နေတာလို့ Save the Trees Rescue ဥက္ကဋ္ဌ ကိုကျော်သူရက ပြောပါတယ်။

“အစ်ကိုတို့က ဒါအမြဲတမ်းလုပ်နေရမှာပေါ့။ မရှိဆင်းရဲနွမ်းပါးသူတွေကို အရင်ကလည်း ကူညီတယ်။ နောင်လည်းကူညီနေရအုံးမှာပဲ။ ဘယ်ခေတ်ကာလရောက်ရောက် အခက်အခဲ ရှိနေတဲ့သူကတော့ ရှိနေအုံးမှာပဲ။ အကူအညီလိုတယ်၊ အခက်အခဲ ရှိတဲ့သူတွေ ရှိနေသမျှတော့ အစ်ကိုတို့ ပရိဟိတဆိုတာ ရှိနေအုံးမှာပဲလေ။ အဲတော့ မရှိဆင်းရဲသားတွေ၊ အခြေခံလူတန်းစားတွေ၊ ဒုက္ခရောက်နေတဲ့ သူတွေရှိနေသမျှတော့ အကိုတို့ ဒီအလုပ် ကိုလုပ်မှာပါ။ ရည်ရွယ်ချက်ကလည်း သူတို့ကို ကူညီချင်လို့လေ။ အဓိကကတော့ လူသားချင်းစာနာ ထောက်ထားမှုပေါ့။ ကိုယ်ချင်းစာတရားပေါ့”

အခုဆိုရင် သွေး၊ ဆေး၊ အောက်ဆီဂျင် လိုအပ်သူတွေအတွက်ပါ အခမဲ့ အရေးပေါ်ကား ကူညီတာတွေကိုပါ လုပ်ဆောင်နေတာပါ။ ဒီပရဟိတအလုပ်အတွက် လှူဒါန်းတာတွေ ရှိပေမယ့် အကူအညီ တောင်းလာသူတွေက များပြားတာကြောင့် တစ်ခါတစ်ရံ အကြွေးတင်တဲ့ အခါတွေလည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။

ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနေပေမယ့် အရေးပေါ်ကားအပါအဝင် အောက်ဆီဂျင် စက်ပစ္စည်းတွေနဲ့ တခြားသောပစ္စည်းတွေ ထားဖို့အတွက် သူတို့မှာ ရုံးခန်းနေရာမရှိသေးပါဘူး။

"ရည်ရွယ်ချက်ကလည်း သူတို့ကို ကူညီချင်လို့လေ။ အဓိကကတော့ လူသားချင်းစာနာ ထောက်ထားမှုပေါ့။"

အသက်ကြီးလာတဲ့အခါ စားဝတ်နေရေးအတွက် အလုပ်အကိုင်မရှိရင် အခက်အခဲနဲ့ ကြုံတွေ့ရ နိုင်တာမို့ အသက် ၅၉ နှစ်အရွယ် ဒေါ်အေးအေးခိုင်ကတော့ သားဖြစ်သူ ကိုကျော်သူရ ရဲ့ နောင်ရေးအတွက် စိုးရိမ်နေပါတယ်။

ဒါပေမဲ့ သားဖြစ်သူရဲ့ မွန်မြတ်တဲ့ ပရဟိတအလုပ်အတွက် ဂုဏ်ယူမိတယ်လို့ ဒေါ်အေးအေးခိုင် ကပြောပါတယ်။

“ဂုဏ်ယူတယ်။ အများကြီးဂုဏ်ယူတယ်။ ကိုယ်မလုပ်နိုင်တဲ့ အလုပ်တွေကို သူ လုပ်နေတော့ အတွက်လေ အားလုံးဂုဏ်ယူတယ်။ မကောင်းတဲ့ အလုပ်လည်းမဟုတ်ဘူး။ ကောင်းတဲ့ အလုပ်ကလည်းဖြစ်တယ်။ သူရဲ့ နောင်ရေးကိုလည်းစိတ်ပူတယ်။ ဒွိဟ နှစ်ခွဖြစ်နေတာပေါ့။ မကောင်းဘူးလားဆိုတော့ ကောင်းတယ်။ ကောင်းတဲ့ အပေါ်မှာလည်း တစိုက်မတ်မတ် လုပ်စေချင်တယ်။ ဒါပေမဲ့ သူရဲ့နောင်ရေးကိုကျတော့ ကိုယ်ကစိတ်ပူတော့ မလုပ်စေချင်ဘူးပေါ့”

သားဖြစ်သူရဲ့ ပရဟိတအလုပ်အတွက် အခု တတ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးကူညီနေသလို နောက်ပိုင်းလည်း ပံ့ပိုးပေးနေဦးမှာလို့ ဒေါ်အေးအေးခိုင်ကပြောပါတယ်။

ခြေထောက် ခွေးကိုက်ဒဏ်ရာကနေ ပိုးဝင်ပြီး ခြေထောက်ဖြတ်ဖို့ ငွေကြေးအခက်ကြုံခဲ့ရတဲ့ ကညွှတ်ကွင်း မြို့နယ်၊ ကြာအင်းကျေးရွာက ကိုမျိုးအေးဟာ Save the Tree Rescue အဖွဲ့ရဲ့ အကူအညီနဲ့ အသက်ရှင်ခွင့်ရခဲ့သူပါ။ ခေါင်မိုးမလုံတဲ့ သူ့ရဲ့အိမ်လေးကိုလည်း ဒီပရဟိတအဖွဲ့ကပဲ ကူညီပေးခဲ့တာလို့ ကိုမျိုးအေးက ပြောပါတယ်။

“ဒီအစ်ကိုကြီး ကျော်သူရတို့ ထောက်ပံ့လို့ အိမ်လေး လေလုံ၊ မိုးလုံနေရတာ။ ကျနော်ကတော့ ကျေးဇူး ဘယ်လိုဆပ်ရမလဲဆိုတာ မသိအောင် ကျေးဇူးလည်း တင်ပါတယ်။ ဝမ်းလည်သာပါတယ်။ ကျနော် အသက်မသေရေး ဒီလိုကူညီတာကို တော်တော်လေး ဝမ်းသာပါတယ်”

ကိုယ်ဝန်ရှိစဉ်မှာပဲ ခင်ပွန်းဆုံးပါးသွားခဲ့တဲ့ မအေးအေးအောင်ကလည်း Save the Trees Rescue အဖွဲ့ရဲ့ ကူညီမှုနဲ့ အစအစအရာရာ အဆင်ပြေနေတယ်လို့ ပြောပါတယ်။

“သူ အစစအရာရာကူညီတော့ ပြေလည်သွားပါတယ်။ ဘာမှတော့မလိုပါဘူး။ ဗိုက်နာတော့လည်း မနက် ၄ နာရီလောက် ကားနဲ့ လာခေါ်ပေးတယ်လေ။ ဆေးရုံမှာလည်း ဘာမှမလိုပါဘူး။ အကုန်ကူညီပေးတယ်။ ဒီမှာ လိုတာတွေလည်း အကုန်လုပ်ပေးတယ်လေ။ ဒီအစ်ကိုတို့ပဲ အစစအရာရာ ကူညီပေးတယ်လေ။ အခုလည်း ထမင်းစားဖို့ကအစ သူတို့ပဲ ကူညီပေးထားတာ တစ်လခွဲအထိ။ အခု ကလေးအတွက် အဆင်ပြေအောင် အကုန် လုပ်ပေးတယ်။ လူကြီးလိုတာရော ကလေးလိုတာရော အကုန်ဝယ်ပေးတယ်။ ဘာမှတော့ မလိုအပ်ပါဘူး”

Save the Trees Rescue အဖွဲ့ကတော့ လူနာတွေကို အခမဲ့ အရေးပေါ်ကားနဲ့ ကူညီပေးတာ အပြင် တချို့လူနာတွေ ဆေးဖိုး ဝါးခမရှိရင်လည်း တတ်နိုင်သမျှ ကုသစရိတ် ကူညီပေးရတာတွေရှိတယ်လို့ အဖွဲ့တာဝန်ရှိသူတွေ ဆိုပါတယ်။

save the trees rescue
ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ အခက်အခဲဖြစ်နေသူများကို အကူအညီပေးနေသည့် အခြေစိုက်တဲ့ Save the Trees Rescue အဖွဲ့ဥက္ကဋ္ဌ ကိုကျော်သူရကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

တောင်ငူမြို့ခံ မဇင်ဇင်ကတော့ ရပ်ကွက်ထဲမှာ ဒုက္ခရောက်နေသူတွေရှိလို့ အကူအညီတောင်းတိုင်းမှာ ကူညီမှုတွေ အမြဲပေးလေ့ရှိတယ်လို့ ပြောပါတယ်။

“ရပ်ကွက်ထဲမှာ အမြင်မတော်လို့ ဒုက္ခသည်တွေရှိတယ် ဆိုလို့ရှိရင် ညီမ အကူအညီ တောင်းတယ်။ အုပ်ကြီးရေ ဒီလိုပဲကူညီပါအုံး ရပ်ကွက်ထဲမှာ စားစရာမရှိဘူး။ ဒုက္ခရောက်နေတယ်။ ဆေးရုံတက်စရာမရှိဘူး။ ဒုက္ခရောက်နေတယ် ကူညီပါအုံးဆိုရင် ကူညီမှုတွေ အကုန်ပေးပါတယ်။ လူနာလမ်းကြောင်းရှိလို့ ဖုန်းဆက်လို့ရှိရင် သွားဖို့ရာ အဆင်သင့်ပြင်ပြီးသားပဲ။ တစ်ခါမှခက်ခဲတယ်ဆိုတာ တစ်ခါမှမရှိဖူးဘူး။ Save the Trees အသင်းကို ဖုန်းဆက်လိုက်လို့ ခဏနေမှ တော်ကြာမှ ချိန်းဆိုတာ တစ်ခါမှမရှိခဲ့ဘူး”

အခုဆိုရင် ဒီ အဖွဲ့လေးက မရှိဆင်းရဲနွမ်းပါးသူတွေအတွက် အားကိုးစရာ တစ်ခု ဖြစ်လာတယ်လို့ မဇင်ဇင်က ဆိုပါတယ်။

လက်ရှိ အဖွဲ့မှာ ရုံးခန်း မရှိသေးတာကြောင့် ရေရှည်မှာ ဆင်းရဲနွမ်းပါးသူတွေအတွက် အခမဲ့ဆေးရုံ၊ ခိုကိုးရာမဲ့နေတဲ့ ကလေးမိခင်တွေနဲ့ အစွန့်ပစ်ခံသက်ကြီး ရွယ်အိုတွေကို စုပြုစောင့်ရှောက်နိုင်မယ့် နေရာတွေကို ဖန်တီးပေးချင်တယ်လို့ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ကိုကျော်သူရ ကပြောပါတယ်။

“အစ်ကိုလုပ်ချင်တဲ့အလုပ်တွေက အခမဲ့ဆေးရုံ ဆောက်ပေးတာမျိုး၊ နောက်တစ်ချက်က Single Mother တွေ အတွက် ဂေဟာဖွင့်ပေးတာမျိုး၊ နောက်ပြီးတော့ သဘာဝတရားရိပ်သာလို ဘိုးဘွားရိပ်သာတော့မဟုတ်ဘူး။ ခိုကိုးရာမဲ့တဲ့ လမ်းဘေးမှာ လေဖြတ်နေတာတွေ၊ HIV နောက်ဆုံးအဆင့်၊ အသည်းကင်ဆာနောက်ဆုံးအဆင့် ဖြစ်တယ်သူတို့မိသားစုက စွန့်ပစ်ထားတယ်။ သူတို့ဘဝရဲ့ နေဝင်ချိန်ကို လူသားဆန်ဆန်၊ လူလို။ သူ့ဝန်းကျင်မှာလည်း လူသားချင်း စားနာထောက်ထားတဲ့လူတွေ ရှိနေမယ် သူတို့ကို အားပေးနေမယ်။ အဲလို အဝန်းအဝိုင်းရှိတဲ့ နေရာတစ်ခုတော့ နောင်တစ်ချိန်မှာ ဖန်တီးချင်တယ်”

သဘာဝပတ်ဝန်းကျင်အပေါ် တန်ဖိုးထားသူဖြစ်တာကြောင့် သူဖြစ်ချင်တဲ့ အိပ်မက်တွေ အကောင်အထည် ဖော်ပြီးရင်တော့ ကိုယ့်နိုင်ငံမှာ သစ်တောတွေ ပြန်လည်ရှင်သန် လာအောင် သစ်ပင်တွေ ပြန်စိုက်ရင်းနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအလုပ်တွေကို ဆက်လက် လုပ်သွားမယ်လို့ ကိုကျော်သူရက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။