နိုင်ငံတကာအထိထိုးဖောက်ဖို့ ကြိုးစားနေတဲ့မြန်မာတက်တူးဆရာ
2024.08.12

နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံမှာ တက်တူးနဲ့ပတ်သက်တဲ့အမြင်တွေ ပြောင်းလဲလာတာနဲ့အမျှ နိုင်ငံတကာကို ထိုးဖောက်ခြေဆန့်နေတဲ့ မြန်မာတက်တူးဆရာတွေလည်း ရှိလာပါပြီ။ ဒီအထဲမှာ အသက် ၃၀ အရွယ် GN Tattoo Studio က ကိုငြိမ်းချမ်းအောင်လည်း ပါဝင်ပါတယ်။
သူဟာ တက်တူးလောကထဲကို အသက် ၂၀ အရွယ် ၂၀၁၅ ခုနှစ်က စတင်ခြေဆန့် ဝင်ရောက်ခဲ့တာဖြစ်ပြီး Dream Ink Mini Tattoo Exhibition 2024 တက်တူးရေးပြိုင်ပွဲမှာ တတိယဆု ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
အခုတော့ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းပေါ်က သုခလမ်းထိပ်မှာ Tattoo Studio ခန်းဖွင့်ပြီး တက်တူးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြု ရပ်တည်နေပါတယ်။
အခုလို Tattoo Artist တစ်ယောက်ဖြစ်လာဖို့ မိသားစု ဆွေမျိုးတွေ နှာခေါင်းရှုံ့နေတဲ့ ကြားထဲကနေ ဖောက်ထွက်ပြီး ကြိုးစားလာခဲ့ရတာပါ။
အခုတော့ စင်ကာပူ၊ ယူအေအီးတို့လို နိုင်ငံတွေက တက်တူးထိုးချင်တဲ့သူတွေ သူ့ကို တကူးတက ဖိတ်ပြီး ကမ်းလှမ်းနေကြပါပြီ။
"စင်ကာပူနဲ့ ထိုင်းကတော့ ကျွန်တော့ကို ခေါ်ထားတာရှိတယ်၊ အခုလက်ရှိပေါ့နော်၊ သွားဖို့လည်းရှိပါတယ်။ ပြီးတော့ ယူအေအီးမှာရှိတဲ့ ကျွန်တော့်မိတ်ဆွေတချို့ကလည်း တက်တူးရေးဖို့ လှမ်းပြီး ကမ်းလှမ်းထားတယ်။ ဘန်ကောက်မှာလည်း ပြိုင်ပွဲဝင်ဖို့တော့ရှိတယ်"
သူဟာ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့အပြင် အမေရိကန်နိုင်ငံက တက်တူးပြိုင်ပွဲတွေမှာ ဆုတွေ ရယူနိုင်ခဲ့တဲ့ မြန်မာတက်တူးဆရာ ကိုအောင်ဆွေဦး ဆီကနေ ပညာတွေ အနီးကပ်သင်ယူခဲ့တာ ဖြစ်ပါတယ်။
"၂၀၁၅ လောက် အစကတည်းက ဆရာ့နားမှာ၊ အဲဒီတုန်းကတော့ အခုလို သင်တန်းတွေဘာတွေမရှိဘူး။ ဆရာ့ဆီ ရောက်တယ်၊ ကျွန်တော့်ဘဝမှာ တက်တူးပထမဦးဆုံး ၁၅ နှစ်လောက်က ကျွန်တော့ခန္ဓာကိုယ် အရေပြားမှာ စထိုးဖြစ်ခဲ့တာလဲ ဆရာနဲ့ပဲ။ အဲဒီတုန်းတော့ တက်တူးမထိုးဖြစ်သေးဘူး၊ စဝင်တုန်းကလည်း ကျွန်တော့လက်ဦးဆရာက ကိုအောင်ဆွေဦး ပေါ့နော်"
အင်္ဂလိပ်လို တက်တူး၊ မြန်မာလို ဆေးမင်ကြောင်လို့ခေါ်တဲ့ ကိုယ်ခန္ဓာပေါ် အရုပ်တွေ၊ စာတွေ ဖန်တီးရေးဆွဲခတွေကလည်း နိုင်ငံအလိုက်၊ Tattoo ပညာရှင်တွေရဲ့ လက်ရာအလိုက် ရှိကြပါတယ်။
"အကြမ်းအားဖြင့်ကတော့ ကျွန်တော်တို့သွားတုန်းကဆိုရင် လက်တစ်ချောင်းလုံးကို လေးထောင်၊ လေးထောင် ငါးရာလောက် ပေါက်ပါတယ်။ စင်ကာပူဒေါ်လာ၊ စင်ကာပူတစ်နိုင်ငံတည်းကိုပြောတာ။ ဒါပေမဲ့ ကျွန်တော်တို့ရေးရင်တော့ အဲဒီပေါက်စျေးအတိုင်း မယူပါဘူး။ ကိုယ်အချင်းချင်းတွေ၊ စင်ကာပူနိုင်ငံသားတွေ ရေးတာလည်း နည်းနည်းရှားပါတယ်။ ကျွန်တော်တို့ သွားရေးရင် မြန်မာနိုင်ငံကသူတွေပဲ ရေးတာများတယ်။ သူတို့နိုင်ငံက သူရေးရင်တော့ သူတို့စျေးပေါ့နော်၊ ကျွန်တော်တို့တောင်းတာက မြန်မာနိုင်ငံကသူတွေအတွက်ကတော့ သီးသန့်ပေါ့နော်၊ ပုံတွေ ဆိုဒ်တွေပေါ် မူတည်ပြီး ညှိပြီးတော့ ယူကြတာပေါ့"
ဆက်နွှယ်သောသတင်းများ
တက်တူးပုံရိပ်တွေကို ပန်းပုပညာနဲ့ ပြန်လည်အသက်သွင်းသူ
အမေရိကန်ရောက် မြန်မာလူငယ်လေးရဲ့ဘောလုံးသမားအိပ်မက်
အာဏာသိမ်းပြီးနောက် အနာဂတ်ပျောက်ဆုံးနေတဲ့ လူငယ်များ
ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေဖုံးဖို့၊ အလှထိုးဖို့ တက်တူးထိုးကြတဲ့သူတွေရှိပေမဲ့ ဂီတသမားဖြစ်သူ ကိုကျော်ကြီးကတော့ ဖက်ရှင်သက်သက်အနေနဲ့ပဲ သူများနဲ့မတူတဲ့ တက်တူးပုံစံကို စိတ်တိုင်းကျ ဖန်တီးပြီး ဦးခေါင်းတစ်ခုလုံးကို ကိုငြိမ်းချမ်းအောင်ဆီမှာ တက်တူးရေးထိုးခဲ့ပါတယ်။
"ဖျော်ဖြေရေးအလုပ်ကိုပဲ ဆက်လုပ်နေရတဲ့အခါကျတော့ ကျွန်တော် ကတုံးနဲ့နေရတာပဲ ပျော်ပါတယ်၊ ပေါ့ပါးပါတယ်၊ အဲဒီမှာ ကိုငြိမ်းချမ်းအောင်နဲ့တွေ့ပြီး ဘယ်လိုလုပ်ချင်တယ်၊ သူက ဘယ်လိုဖန်တီးပေးမယ်၊ နှစ်ယောက်တိုင်ပင်ပြီးတော့ သူများနဲ့မတူတဲ့ ပုံစံမျိုးလုပ်ချင်တာ၊ ကျွန်တော်က ဖျော်ဖြေရေးသမားဆိုတော့ ဖက်ရှင်ဖြစ်သွားတာပေါ့နော်။ ကျွန်တော်က တက်တူးကိုလည်း သဘောကျတော့"
တက်တူးထိုးတာဟာ လူငယ်တွေကြားမှာ ဖက်ရှင်တစ်ခုလို ရေပန်းစားလာပြီး သူရူးသွပ်တဲ့ တက်တူးပညာရှင်ဘဝကို မိသားစုနဲ့ ဆွေမျိုးတွေကလည်း အခုတော့ လက်ခံလာကြပြီလို့ ကိုငြိမ်းချမ်းအောင်က ပြောပါတယ်။
"ပြည်တွင်းမှာတင်မဟုတ်ဘူး၊ ပြည်ပတွေမှာလည်း ပြိုင်ချင်တယ်၊ ဆုတွေလည်းယူချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့ဆရာတွေကို အားကျရတယ်လေ။"
အခုတော့ ပြည်တွင်း ပြည်ပ တက်တူးပြိုင်ပွဲတွေမှာ ဝင်ပြိုင်ပြီး နိုင်ငံတကာဆုတွေကို ရယူသွားဖို့ ကိုငြိမ်းချမ်းအောင် ရည်မှန်းထားပါတယ်။
"ပြည်တွင်းမှာတင်မဟုတ်ဘူး၊ ပြည်ပတွေမှာလည်း ပြိုင်ချင်တယ်၊ ဆုတွေလည်းယူချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့ဆရာတွေကို အားကျရတယ်လေ။ ကျွန်တော့ဆရာလည်း ကမ္ဘာပတ်ပြီးဆုတွေယူနေတော့ အဲဒီလိုဆရာ ASO ကို အားကျရတယ်။ သူ့ခြေရာမျိုးလည်း နင်းချင်တာပေါ့နော်။ ဒါကြောင့် ပြည်တွင်းမှာတင်မဟုတ်ဘဲ ပြည်ပတွေမှာ အခွင့်အခါသင့်ရင် အဲလိုဆုတွေ ပတ်ပြီး ယူချင်တယ်ပေါ့နော်"