ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ တစ်ပိုင်တစ်နိုင်ဈေးသည်တွေရဲ့ အကျပ်အတည်း

မိယဉ်စနိုင်း
2022.08.17
ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ တစ်ပိုင်တစ်နိုင်ဈေးသည်တွေရဲ့ အကျပ်အတည်း ရန်ကုန်မြို့တွင်းရှိ ဈေးတစ်ခုတွင် ဈေးဝယ်နေကြသူများအား ၂ဝ၂၂ ခုနှစ် ဧပြီလက တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ ရိုက်ခတ်မှုဒဏ်ကို အလူးအလိမ့်ခံနေရတဲ့ကြားက စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် တစ်နှစ်ကျော်အတွင်း နိုင်ငံ့စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍအသီးသီးမှာ ယိုယွင်းလာတဲ့ဒဏ်ကို ပြည်သူတွေ ကြုံတွေ့လာနေရပါတယ်။

နေ့စဉ်လူမှုဘဝမှာ မရှိမဖြစ်သုံးစွဲနေရတဲ့ ဆီ၊ ဆန်၊ ဆားစတဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ နှစ်ဆနီးပါး မြင့်တက်လာသလို၊ ငွေကြေးဈေးကွက်မှာလည်း ဒေါ်လာဈေး၊ ရွှေဈေးတွေက ထိန်းချုပ်လို့ မရလောက်အောင်ဖြစ်နေပါတယ်။

အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ တစ်ဟုန်ထိုးတက်သွားတဲ့အတွက် ဈေးရောင်းသူတွေ အခက်တွေ့နေတယ်လို့ မွန်ပြည်နယ် မော်လမြိုင်မြို့က အကြော်ရောင်းနေတဲ့ ဈေးသည်တစ်ဦးက ပြောပါတယ်

"ကိုယ်ဝယ်တာကျ သူများလိုလည်း အပိုအလျှံမဝယ်နိုင်ဘူး၊ တစ်နေ့ရောင်းဖို့ တစ်နေ့ ဝယ်တဲ့အခါကျတော့ ဒီနေ့ဒီဈေးဖြစ်ပေမယ့် နောက်နေ့ကျတော့ ဈေးကတက်လာတဲ့အခါကျတော့ အဘွားတို့ အဆင်မပြေဘူးပေါ့"

အာဏာမသိမ်းခင်က သွားရေးလာရေး အချိန်အကန့်အသတ်မရှိတဲ့အတွက် ဈေးရောင်းရတာ လွတ်လပ်မှုရှိပေမယ့်၊ လက်ရှိမှာတော့ ညမထွက်ရအမိန့်တွေကြောင့် လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ဆက်ပြောပါတယ်။

“အာဏာမသိမ်းခင်တုန်းက လွတ်လွတ်လပ်လပ်ရှိတယ်။ အခုက မလွတ်လပ်ဘူး၊ ရောင်းရချရတာလည်း အချိန်အကန့်သတ်နဲ့ ရောင်းနေရတယ်။ အဘွားတို့က ညနေစောင်းမှထွက်ရတော့ သုံးနာရီလောက်ပဲ ရောင်းရတာလေ။ အလုအယက် ရောင်းရတာလေ။ အာဏာမသိမ်းခင်တုန်းက ညလုံးပေါက် သူ့ဟာသူရောင်းရတော့ အဆင်ပြေတယ်၊ စားတဲ့လူလည်း လွတ်လွတ်လပ်လပ်စား။ အဲဒီလို နေလို့ရတာပေါ့”

စစ်ကောင်စီက ကုန်ဈေးနှုန်းတည်ငြိမ်ရေးလို့ ဆိုပြီး စားအုန်းဆီခွဲတမ်းချပေးတဲ့ တန်းစီစနစ်ကို အသင်းအဖွဲ့တွေကတစ်ဆင့် ဈေးလျှော့ပြီးရောင်းချနေပေမယ့် ကုန်ဈေးနှုန်းတွေက တက်နေဆဲပါ။

ဇူလိုင်လကစပြီး ဆန်ဈေးတွေ အတက်ကြမ်းလာခဲ့ပြီး ဒီထက်ပိုမိုတက်လာနိုင်တယ်လို့ မော်လမြိုင်မြို့က ဆန်ကုန်သည် ကိုခိုင်ဦးက ပြောပါတယ်။

"ဆန်ဈေးအတက်ကြမ်းတာတော့ ရွှေဘိုစတက်တယ်၊ အရင်တုန်းကတော့ ကျနော်တို့ ၆၀,၀၀၀ ကနေရောင်းရတဲ့ထဲမှာ တစ်ရက်ကနေ တစ်ရက် တက်လာတာ။ ရှစ်သောင်းအထိ တက်လာတဲ့အနေအထားမှာ ရှိတယ်။ ဒါကတော့ရွှေဘိုရဲ့ ထိပ်စပေါ့နော်၊ လက်ရှိရောင်းနေတာတော့ ရှစ်သောင်းအထိ ရောင်းနေရတယ်။ နောက်ပိုင်းတက်ဖို့လည်း အလားအလာရှိတယ်၊ အဲလိုရှိတယ်”

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ဆယ်စုနှစ်တစ်ခုနီးပါး ကြိုးပမ်းခဲ့တဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး အားထုတ်မှုတွေကို ဖျက်ဆီးလိုက်တယ်လို့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာအရ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံလူဦးရေ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှုသတ်မှတ်မျဉ်း အောက်ကိုရောက်ရှိသွားပြီး ဆင်းရဲမှုလျော့ကျရေးဟာ နောက်ပြန်လှည့်နေပြီလို့ ဆိုပါတယ်။

အာဏာသိမ်းပြီးကာလတွေမှာ လုပ်ငန်းတွေကို စီးပွားဖြစ်ဖို့ထက် စားဝတ်နေရေးအတွက်သာ ရုန်းကန်လုပ်ကိုင်နေရတယ်လို့ မွန်ပြည်နယ် မော်လမြိုင်မြို့က ထမင်းကြော်ရောင်းတဲ့ ဈေးသည်တစ်ဦးက ပြောပါတယ်။

"ကိုက်ညီမှုရှိလားဆိုတော့ အန်တီတို့က ဒါမှမရောင်းရရင် အလုပ်မရှိတော့ နှစ်ထောင်ပဲရရ ရောင်းရတာပေါ့။ စားဝတ်နေရေး ဘယ်လိုသွားဖြေရှင်းမလဲ။ ကိုယ့်ဟာကိုယ် ရုန်းကန်ပြီးတော့ ဒီလိုပဲပေါ့။ အဓိကက အိမ်လခအတွက်ကို အရမ်းရုန်းရတာ။ စားတာက ရှိတာစားလို့ရတယ်၊ ဘယ်လိုဖြစ်ဖြစ်ပေါ့နော်"

rice price.jpg
၂ဝ၂၂ ခုနှစ် ဧပြီလက ဆန်ဈေးနှုန်းများ။ (Photo: RFA)

မတည်ငြိမ်တဲ့ နိုင်ငံရေးပြဿနာတွေ အေးအေးချမ်းချမ်းဖြစ်သွားရင် ကုန်ဈေးနှုန်းတွေလည်း တည်ငြိမ်လာမှာကို မျှော်လင့်မိတယ်လို့ ဆက်ပြောပါတယ်။

"ကုန်ဈေးနှုန်းနဲ့ပတ်သက်ပြီး နှစ်ဖက်လုံး အေးအေးချမ်းချမ်း ဖြစ်သွားရင်တော့ သူ့ဟာသူ ကုန်ဈေးနှုန်းငြိမ်သွားမယ်၊ စီးပွားရေးတွေ သူ့ဟာသူလည်ပတ်သွားနိုင်ရင်တော့ အကုန်လုံး အဆင်ပြေသွားမှာပေါ့နော်။ ကုန်ဈေးနှုန်းငြိမ်ပြီးသွားလည်း နှစ်ဖက်ကမညီဘူးဆိုရင်လည်း လူက စီးပွားရေးလုပ်မစားနိုင်ဘူးလေ။ ကုန်ဈေးနှုန်းလည်းကျ နှစ်ဖက်လုံးလည်း ညီသွားရင် အဆင်ပြေသွားမယ်ထင်ပါတယ်"

ကုလသမဂ္ဂရဲ့ သတ်မှတ်ထားချက်အရ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ မြန်မာနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါလှိုင်းရဲ့ ရိုက်ခတ်မှုကြောင့် ဝင်ငွေကျဆင်းပြီး အလုပ်လက်မဲ့ များလာနေချိန်မှာ အာဏာသိမ်းလိုက်တဲ့အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုကို တွန်းတင်လိုက်သလို ဖြစ်သွားတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

မြန်မာကျပ်ငွေတန်ဖိုးကျလာတဲ့အတွက် ငွေကိုလက်ထဲမထားရဲကြသလို စိုးရိမ်စိတ်တွေနဲ့ အခြေခံစားသောက်ကုန်တွေကို ဝယ်ယူစုဆောင်းလာတဲ့အတွက်ကြောင့် ကုန်ဈေးနှုန်းတွေတက်လာဖို့ရှိသလို အခြေခံလူတန်းစားတွေအနေနဲ့ပိုပြီး ဒုက္ခရောက်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က စီးပွားရေးပညာရှင်တစ်ဦးက ပြောပါတယ်။

"အထူးသဖြင့် အ‌ခြေခံလူတန်းစားတွေထိခိုက်တာပေါ့။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့လူတွေအတွက်ကတော့ ပိုပြီးဒုက္ခရောက်တာပေါ့။ သူများလိုလည်း နည်းနည်းပိုပိုလျှံလျှံဝယ်ထားလို့လည်းမရဘူး။ အလုပ်အကိုင်ကလည်း ကျပ်တည်းနေတယ်။ တချို့ လက်လုပ်လက်စားသမားတွေဆိုလို့ရှိရင် တစ်နေ့စာ တစ်နေ့ကို မနည်းရှာနေရတယ်။ အလုပ်တွေကလည်းသိပ်ပြီးတော့ မကောင်းကြဘူး။ တချို့လုပ်ငန်းကလည်းရပ်ကုန်ပြီ။ အဲဒီတော့ လက်လုပ်လက်စား အခြေခံလူတန်းစားအလုပ်သမားပေါ့နော် သူတို့ကတော့ ပိုပြီးတော့ ဒုက္ခရောက်နိုင်စရာအကြောင်းရှိတယ်ပေါ့"

အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှု၊ ဝင်ငွေလျော့ကျလာတာနဲ့အမျှ တစ်နေ့တခြား ပိုဆိုးလာတဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုအပြင် စစ်ကောင်စီရဲ့ အစီအစဉ်မကျတဲ့ ထိန်းချုပ်မှု‌တွေကြောင့် တိုင်းပြည်စီးပွားရေးကဏ္ဍ ယိုယွင်းသထက် ယိုယွင်းလာနေတာကို ပြည်သူတွေ ခါးစည်းခံနေရကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။