စာသင်ကြားခွင့်ဆုံးရှုံးနေတဲ့ ကလေးများအတွက် ရန်ကုန်မြို့က လမ်းဘေးစာသင်ဝိုင်း

RFA Burmese
2023.02.28
စာသင်ကြားခွင့်ဆုံးရှုံးနေတဲ့ ကလေးများအတွက် ရန်ကုန်မြို့က လမ်းဘေးစာသင်ဝိုင်း ရေချမ်းစင် လမ်းဘေးစာသင်ဝိုင်းတွင် လာရောက်စာသင်နေကြသည့် ကလေးငယ်များအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
RFA

ရန်ကုန်မြို့က ဆင်းရဲချို့တဲ့လှတဲ့ မိသားစုတွေဟာ ကလေးတွေကို ကျောင်းထားနိုင်ဖို့ထက် ဝမ်းရေးက အရေးကြီးတာကြောင့် ကလေးတွေဟာ စာသင်ခန်းတွေထဲ မရောက်ကြတော့ ဘဲ မိသားစုရဲ့ စားဝတ် နေရေးကို ဖြေရှင်းရာမှာ တစ်ဖက်တစ်လမ်းက ပါဝင်နေကြရပါ တယ်။

မြန်မာနိုင်ငံမှာ ၂၀၁၉- ၂၀ ပညာသင်နှစ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် စာသင် ကျောင်း တွေ ပိတ်ထားခဲ့ရသလို ၂၀၂၁ ခုနှစ်မှာလည်း စစ်အာဏာသိမ်းမှုနဲ့ ဆက်ကြုံခဲ့ကြရ တာကြောင့် ကလေးသူငယ် အများစုဟာ ကျောင်းပညာရေးနဲ့ အလှမ်းဝေးခဲ့ကြတာပါ။

"နောက်ဆုံးစီမံချက်က ဒီစျေးခြင်းတောင်းကိုင်တဲ့လက်ကနေ စာအုပ်စာပေကိုင်တဲ့ လက်များဆီသို့ ဆိုတဲ့ ကမ်ပိန်းနဲ့ သွားနေတာဆိုတော့ အဲအထိတော့ ရည်ရွယ်ထားတယ်”

ဒီလိုကလေးတွေ စာရေးတတ်၊ ဖတ်တတ်အောင် တစ်ဖက်တစ်လမ်းက အကူအညီပေးနိုင် ဖို့အတွက် ရန်ကုန်မြို့ခံ လူငယ်တစ်ဦးဖြစ်သူ ကိုစွမ်းဆောင်မိုးက ကြိုးပမ်းနေပါတယ်။

“အဓိကက လမ်းဘေးမှာရှိနေတဲ့ ကျောင်းပြင်ပမှာရောက်နေတဲ့ ကလေးတွေကို စာနဲ့ အထိအတွေ့ ကောင်းအောင်၊ ပြီးလို့ရှိရင် သူတို့ ရေးတတ်၊ ဖတ်တတ်ရမယ်။ လမ်းဘေးသွားတဲ့အချိန်မှာ လမ်းမှာရှိတဲ့ ဆိုင်းဘုတ်တွေ ဖတ်တတ်ရမယ်။ အဓိကက အဲဒီမျှော်မှန်းချက်နဲ့ ကျနော်တို့က သွားတယ်။ နောက်ဆုံး ဖြစ်ချင်တာကတော့ ဒီကလေးငယ်တွေကို စာသင်ကျောင်းတစ်ကျောင်းပေါ့နော်။ ကလေးတွေအတွက် လုံးဝအခမဲ့ နေဖို့ရော၊ ထိုင်ဖို့ ရော၊ စားဖို့၊ ပညာသင်ဖို့ ထောက်ပံ့ပေးချင်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ ဒီဟာကို စတင်ပြီးတော့ လုပ်ဖြစ်တာ”

ရေချမ်းစင်စာသင်ဝိုင်းလို့ အမည်ပေးထားတဲ့ ကိုစွမ်းဆောင်မိုးတို့ရဲ့ လမ်းဘေးစာသင်ဝိုင်း တွေကို လှည်းတန်း၊ အင်လျားကန်ပန်းခြံ၊ သမိုင်းနဲ့ တညင်းကုန်းမြို့နယ်တွေမှာ ဖွင့်လှစ် ထားပါတယ်။

ဒီစာသင်ဝိုင်းတွေမှာ စျေးရောင်းနေတဲ့ ကလေးတွေ၊ ပလုံကောက်တဲ့ ကလေးတွေ အပါအဝင် ကလေး ၆၀ ကျော်ကို စေတနာ့ဝန်ထမ်း လူငယ်တွေက ကကြီးခခွေးအဆင့်က စလို့ ရေးတတ် ဖတ်တတ်အောင် သင်ကြားပေးနေတာပါ။

ဒီစာသင်ဝိုင်းမှာ လာရောက်သင်ကြားတဲ့ ကလေးတွေဟာ အသက် ၇ နှစ်ကနေ ၁၈ နှစ် အရွယ်အထိ ပါဝင်ကြပါတယ်။

လှိုင်သာယာမြို့နယ်မှာနေတဲ့ အသက် ၁၈ နှစ်အရွယ် မောင်ကျော်ကျော်မင်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက စာသင်ခန်းနဲ့ ဝေးနေတဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။

“ဒီလိုမျိုးစာသင်တာရပျော်တယ်။ သားစိတ်ထဲမှာ စာသင်ဖို့ပဲတွေးနေတယ်။ စျေး မရောင်းချင်တော့ဘူး။ တစ်ဆိတ်ရှိ စာပဲအာရုံရနေတယ်။ ဒီစျေးမရောင်းရရင်ပြီးရော ဒီ့အပြင်အလုပ် အကုန်လုပ်ချင်တယ်။ ဒီ့အပြင်အလုပ်နဲ့ အမေကြီးကို ရှာကျွေးချင်တယ်။ ဒီအလုပ်နဲ့ မရှာချင်တော့ဘူး။ သားလည်း အရွယ် ရောက်လာတော့ ရှက်တယ်”

သူဟာ အလုပ်တစ်ဖက်နဲ့ မိဘကိုရှာကျွေးရင်း ဒီစာသင်ဝိုင်းမှာ လာတက်နေသူပါ။ သူ စာတတ်လာတဲ့ တစ်နေ့ ကျရင်တော့ စက်ရုံတွေမှာ အလုပ်လုပ်ချင်တယ်လို့ မောင်ကျော်ကျော်မင်းက ပြောပါတယ်။

လှိုင်သာယာမြို့နယ်မှာနေတဲ့ ဒေါ်ခင်ချိုဝင်းဟာ ကိုဗစ် ၁၉ ကူးစက်ချိန်ကစလို့ စားဝတ်နေရေး မပြေလည်တာ ကြောင့် သားသုံးယောက်ကို ကျောင်းမထားနိုင်တာ အခုဆိုရင် လေးနှစ်ရှိနေပါပြီ။ သူဟာ သားသုံးယောက်နဲ့အတူ အင်လျားကန်ပန်းခြံမှာ စျေးရောင်းရင်း သားတွေကိုလည်း အခုလမ်းဘေးစာသင်ဝိုင်းဆီ ပို့ထားပါတယ်။

“သူတို့ပညာသင်တာ ကိုယ်ဝမ်းသာတယ်။ ကလေးတွေကို စာလည်းတတ်စေချင်တယ်။ အကြီးကောင်လေး ကတော့ ကျောင်းမနေခဲ့ရဘူး။ အမေနဲ့ စျေးရောင်းစားနေတာ ပေါ့နော်။ ကိုယ့်မှာကလည်း မပြေလည်ဘူးလေ။ မပြေလည်တဲ့အတွက် အဲဒါကြောင့်မို့။ အခု အကြီးကောင်လေးကလည်း စာသင်တယ်။ အလတ်ကောင်ရော၊ အငယ်ကောင်ရော အခု စာသင်တဲ့အတွက် ဝမ်းသာတယ်။ ပီတိလည်း ဖြစ်တယ်။ အဲဒါကြောင့်မို့လည်း ခွင့်ပြုတယ်”

ရေချမ်းစင် လမ်းဘေးစာသင်ဝိုင်းတွင် လာရောက်စာသင်နေကြသည့် ကလေးငယ်များအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရေချမ်းစင် လမ်းဘေးစာသင်ဝိုင်းတွင် လာရောက်စာသင်နေကြသည့် ကလေးငယ်များအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အတန်းပညာ ပထမတန်းကိုသာ တက်ရောက်ဖူးတဲ့ အသက် ၁၁ နှစ်အရွယ် ဒေါ်ခင်ချိုဝင်း ရဲ့ အငယ်ဆုံးသား မောင်အောင်နိုင်ဦးကတော့ ကြီးလာရင် ပညာတတ်ကြီး ဖြစ်ချင်တယ်လို့ ပြောပါတယ်။

“စာအရမ်းတော်သွားပြီဆိုရင် အဲအခါကျရင် သား ကျောင်းကကျတော့ သိပ်မနေတော့ ဘူးလေ။ တစ်ခုခု ထွက်လုပ်ရမှာ။ သားက မတော်သေးတော့ ထွက်မလုပ်သေးဘူး။ ငယ်သေးတယ်။ ပညာတတ်ကြီး ဖြစ်ချင်တာ။ ဆရာဝန်တို့၊ ကျောင်းဆရာတို့ ဖြစ်ချင် တာ”

အခုကျောင်းပြန်တက်ချက်ပေမယ့် နေ့စဉ်စျေးရောင်းတာကလည်း အိမ်အတွက် ဝင်ငွေရ တာကြောင့် စျေးရောင်း ဖို့ကို ပိုအားသန်နေတယ် မောင်အောင်နိုင်ဦးက ဆိုပါတယ်။

ရေချမ်းစင် စာသင်ဝိုင်းမှာ တစ်နေ့ကို ၂ နာရီနှုန်းနဲ့ တစ်ပတ်ကို ငါးရက်စီစာသင်ပေးတာပါ။ ကလေးအများစုက လည်း သူတို့ရဲ့ စျေးခြင်းတောင်းထဲမှာ နေ့စဉ်သင်ကြားရေးမှာ အသုံးပြုကြတဲ့ စာအုပ်နဲ့ စာရေးကိရိယာတွေကို ထည့်ထားလေ့ရှိကြပါတယ်။

ရေချမ်းစင် လမ်းဘေးစာသင်ဝိုင်းတွင် လာရောက်စာသင်နေသည့် ကလေးငယ်တစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရေချမ်းစင် လမ်းဘေးစာသင်ဝိုင်းတွင် လာရောက်စာသင်နေသည့် ကလေးငယ်တစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရေချမ်းစင် စာသင်ဝိုင်းထူထောင်သူ ကိုစွမ်းဆောင်မိုးကတော့ စျေးခြင်းတောင်းကိုင်တဲ့ လက်တွေကနေ စာအုပ်စာပေကိုင်တဲ့ လက်တွေအထိဖြစ်လာအောင် လုပ်ဆောင်သွား မယ်လို့ ပြောပါတယ်။

“ဒီကလေးတွေကို စျေးရောင်းတာထက် ပိုပြီးသာလွန်တဲ့ ဥပမာ-မိန်းကလေးဆိုရင် ဒီဇိုင်နာသင်တန်းတက်ပြီး သူ့အတိတကျနဲ့ အပ်ချုပ်နေတာမျိုးတွေ၊ ယောက်ျားလေး ဆိုရင်လည်း လုပ်ငန်းခွင် တစ်ခုခုမှာ အေးအေး ဆေးဆေးနဲ့ နေရာတစ်နေရာရတာမျိုး။ အဓိကက သူတို့ဘဝကို မြှင့်တင်ပေးချင်တာ။ ဒီလိုကြီး တစ်သက်လုံး မိဘကလည်း စျေးရောင်းတယ်။ သားသမီးကလည်း စျေးခြင်းတောင်းကိုင်ပြီး ရောင်းရတဲ့ဘဝမျိုးကို အဖြစ်မခံနိုင်ဘူး။ နောက်ဆုံး စီမံချက်က ဒီ စျေးခြင်းတောင်းကိုင်တဲ့လက်ကနေ စာအုပ်စာပေကိုင်တဲ့ လက်များဆီသို့ ဆိုတဲ့ ကမ်ပိန်းနဲ့ သွားနေတာဆိုတော့ အဲအထိ တော့ ရည်ရွယ်ထားတယ်”

အခုလို စာသင်ပေးခြင်းက ကလေးတွေရဲ့ဘဝမှာ လူလိမ်မခံရတော့သလို နေရာတစ်ခု ရောက်လာနိုင်မှာဖြစ်ပြီး ဒီစာသင်တာတွေကို ရေရှည်လုပ်နိုင်ဖို့အတွက် အထောက်အပံ့ တွေလည်း လိုအပ်တယ်လို့ ကိုစွမ်းဆောင်မိုးက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခအကျပ်အတည်းကြောင့် မြန်မာနိုင်ငံတစ်ဝန်းက ကလေးငယ်ဦးရေရဲ့ ထက်ဝက်ခန့် ဟာ ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းလာနေကြရပါတယ်။ ဒါ့အပြင် ကိုဗစ် ၁၉ ကူးစက်မှုနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် မြန်မာနိုင်ငံက ကလေးသူငယ်နဲ့ လူငယ် ၁၂ သန်းနီးပါး ပညာလေ့လာသင်ကြားခွင့် ဆုံးရှုံးခဲ့တယ်လို့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) Myanmarက ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။