စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ဆန္ဒပြသူတွေက မြို့ကိုလှည့်လည်နေစဉ်မှာ ခမရ ၁၆ က တပ်ကြပ်ကြီးစာရေး တစ်ဦးက ဆန္ဒပြပွဲကို လာရောက်ပူးပေါင်းခဲ့ပါတယ်။
ပြည်သူတွေက စစ်သားတွေကို မကြည်ဖြူတာကို မကြိုက်သလို အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ တပ်မတော်သားတွေ ပူးပေါင်းပါဝင်ဖို့ကို သူက တိုက်တွန်းသွားပါတယ်။
မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်နားမှာ အထိုင်သပိတ်မှာ ဟောပြောခဲ့ပြီး အာဏာရှင်စနစ်ကို မကြိုက်ကြောင်း ပြောခဲ့တယ်လို့ မုံရွာက တက်ကြွလှုပ်ရှားသူ ကိုအောင်နေမျိုးက RFA ကို ပြောပါတယ်။
ပြည်သူတွေကို ထောက်ခံခဲ့တဲ့ တပ်မတော်သားဟာ ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင် ဟောပြောခဲ့ပြီးနောက် ပြန်သွားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ဘက် တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ အာဏာသိမ်း စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မတွေကို ပြင်ဆင်တဲ့ ဥပဒေတွေကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ရာမှာ နိုင်ငံတော် အကြည်ညို ပျက်စေမှု ဆိုင်ရာ ပုဒ်မ ၁၂၄ (ဂ) နဲ့ (ဃ) မှာ ရဲတပ်ဖွဲ့နဲ့ တပ်မတော် ဝန်ထမ်းတွေကို နှောင့်ယှက်၊ နှောင့်နှေးစေရင် ထောင်ဒဏ်တွေ ချမှတ်နိုင်ကြောင်း ဖြည့်စွက်ထားပါတယ်