အာဏာသိမ်းပြီးနောက် အခက်ပိုလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ

2022.04.26
အာဏာသိမ်းပြီးနောက် အခက်ပိုလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သဲချောင်းဒုက္ခသည်စခန်းမှာ ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သဲချောင်းကျေးရွာက ရိုဟင်ဂျာဒုက္ခသည်တွေဟာ စားဝတ် နေရေး အခက်ကြုံနေပါတယ်။ အလုပ်အကိုင်တွေလည်းမရှိသလို စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကုန်ဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်နေတာကြောင့် အခုလို အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာလို့ ဒုက္ခသည်တွေက ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထောက်ပံ့တဲ့ လူတစ်ယောက် တစ်နေ့ ငွေငါးရာ ကျပ်နဲ့ ဖြစ်သလို စားသောက်နေကြရတယ်လို့ ဒုက္ခသည် ဦးကျော်လှက ပြောပါတယ်။

"ကျနော်တို့ အခက်အခဲတွေကို ပြောပြမယ်ဆိုလို့ရှိရင် ကျနော်တို့ပြောပြဖို့ မတတ် လောက်အောင်အထိ ကျနော်တို့ ခံစားနေရတာတွေရှိတယ်။ လူတစ်ယောက်ဟာ WFP က ထောက်ပံ့တဲ့ တစ်ရက်ကို ၅၀၀ ကျပ်နဲ့ လုံလောက်တယ်၊ မလုံလောက်ဘူးဆိုတာ ကလေးကအစ သိမှာပါ။ အဲဒီပိုက်ဆံနဲ့ ချွေတာပြီးတော့ လူ ငါးယောက်စာ ဖြစ်ဖြစ်၊ ဆယ်ယောက်စာဖြစ်ဖြစ် ဖြစ်သလိုပေါ့ ထမင်းရရင် ဟင်းမရဘူး။ ဟင်းရရင် ငါးမရဘူး၊ အဲဒီလို ပုံစံမျိုးနဲ့ ကျနော်တို့ စားသောက်နေရတယ်"

ဒီသဲချောင်းက္ခသည်စခန်းမှာ အိမ်ထောင်စု ၂၇၀၀ ကျော်နဲ့ လူဦးရေ တစ်သောင်း လေးထောင်ကျော် ရှိပါတယ်။

သူတို့ဟာ ၂၀၁၂ ခုနှစ် ဇွန်လကဖြစ်ပွားခဲ့တဲ့ လူ့အသိုင်းအဝန်းနှစ်ခုကြား ပဋိပက္ခတွေ ကြောင့် စစ်တွေမြို့ပေါ် ကနေ ထွက်ပြေးခိုလှုံနေကြတာ လာမယ့် ဇွန်လဆိုရင် ၁၀ နှစ် ပြည့်တော့မှာပါ။

သားသမီးငါးဦးရှိတဲ့ ဒုက္ခသည် စောယက်ဇာမာလ်ကတော့ အလုပ်အကိုင်လည်း မရှိတာကြောင့် အကြွေးတင်နေပြီလို့ ပြောပါတယ်။

"လူတစ်ယောက်ဟာ တစ်လကို ၁၆၀၀၀ နဲ့ ဘယ်လိုလုံလောက်မလဲ။ နှစ်လစာကို တစ်လနဲ့ စားနေရပါတယ်။ အဲဒါနဲ့မလုံလောက်ရင် သူများဆီက ချေးတယ်။ ကျနော့်မှာ ကလည်း အလုပ်အကိုင်မရှိဘူး။ အကြွေးတွေကိုလည်း မဆပ်နိုင်ဘူး။ အခုလည်း လူ ခုနစ်ယောက်စာမှာ နှစ်ယောက်စာက ကြိုပြီး စားသောက်ပစ်လိုက်ရပြီ"

rohingya-refugee.jpg
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သဲချောင်းဒုက္ခသည်စခန်းမှာ ခိုလှုံနေသူများကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

ဒီသဲချောင်းဒုက္ခသည်စခန်းဟာ အစိုးရက စီစဉ်ချပေးထားတာဖြစ်ပေမယ့် ရွာထဲက မွတ်စလင်အချို့က မြေပိုင်ရှင်ဆိုပြီး မြေနေရာငှားခ တစ်အိမ်ထောင်ကို တစ်လ ငွေကျပ် တစ်သောင်းဝန်းကျင်အထိ ကောက်ခံနေတာကြောင့်လည်း ပိုပြီးအခက်အခဲ ဖြစ်နေ ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သားသမီးမုန့်ဖိုးတောင် မတတ်နိုင်တော့ဘူးလို့ ဒုက္ခသည် ဦးသန်းရွှေက ပြောပါတယ်။

"အခက်အခဲကတော့ သားသမီးတွေ မုန့်တွေစားဖို့၊ နေမကောင်းဖြစ်ရင် ဆေးကုသဖို့ ငွေကြေးတွေ အခက်အခဲ ဖြစ်တယ်။ ကိုယ့်မှာ သုံးဖို့ကလည်း မရှိဘူး။ သူများတွေ နေသလို နေခွင့်မရှိဘူး။ သူများတွေ အလုပ်လုပ်သလို လုပ်ခွင့်မရှိဘူး။ အဲဒီလို အခြေအနေတွေရှိပါတယ်"

မွတ်စလင်ဒုက္ခသည်တွေဟာ နိုင်ငံသားမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လွတ်လပ်စွာ သွားလာခွင့် ကန့်သတ်ခံထားရပြီး ကျန်းမာရေးနဲ့ အဆင့်မြင့်ပညာသင်ကြားခွင့်တွေပါ ဆုံးရှုံးနေပါတယ်။

အခုလို အခက်အခဲအကျပ်အတည်းမျိုးစုံနဲ့ နေထိုင်နေရတာကြောင့် မလေးရှားလို နိုင်ငံရပ်ခြားတွေကို တရားမဝင်လမ်းကြောင်းကနေ ထွက်ပေါက်ရှာသွားလာမှုတွေလည်း ရှိနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ဒါပေမဲ့ မအောင်မြင်ဘဲ လမ်းမှာဖမ်းဆီးခံရတာ၊ သတင်းအစအနမရဘဲ ပျောက်ဆုံး နေတာတွေက များတယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေရဲ့ မျှော်လင့်ချက်က သူတို့ကို နိုင်ငံသားတွေနဲ့ တန်းတူအခွင့်အရေးပေးပြီး တစ်ချိန်က သူတို့နေထိုင်တဲ့ စစ်တွေမြို့ပေါ်က မူလနေရာတွေမှာ ပြန်လည်နေရာချထား ပေးဖို့ပဲ ဖြစ်ပါတယ်။

"ကျနော်တို့ ပြောင်းလဲမှုတစ်ခုခု ဖြစ်လာဖို့တော့ မျှော်လင့်တယ်။ ဒါပေမဲ့ အခုအထိတော့ ထူးခြားမှုမရှိသေးပါဘူး"

ဒုက္ခသည် ဦးကျော်လှကတော့ ဒုက္ခသည်ဘဝလွတ်မြောက်ဖို့ ၁၀ နှစ်လုံးလုံး မျှော်လင့် နေခဲ့ပေမယ့် အခုအချိန်အထိ ဘာမှပြောင်းလဲမလာခဲ့ဘူးလို့ ပြောပါတယ်။

"ဆယ်နှစ်တာလုံးလုံး ဘာမှပြောင်းလဲမှုမရှိဘူးလို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုရင် ဘာတစ်ခုမှ ထူးခြားမှုမှ မရှိ တာ။ ကျနော်တို့ ဒီဒုက္ခသည်ဘဝက လွတ်မြောက်မယ်။ အဲဒါက ကျနော်တို့မျှော်လင့်ချက်ပါ။ ဒီနှစ်မဟုတ်ရင် နောက်နှစ်၊ နောက်နှစ်မဟုတ်ရင် လာမယ့်နှစ်။ ကျနော်တို့ ပြောင်းလဲမှုတစ်ခုခု ဖြစ်လာဖို့တော့ မျှော်လင့်တယ်။ ဒါပေမဲ့ အခုအထိတော့ ထူးခြားမှုမရှိသေးပါဘူး"

ဒုက္ခသည်တွေ ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေနဲ့ သူတို့ရဲ့တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ပဋိပက္ခကြောင့် စစ်တွေမြို့ပေါ်ကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ရတဲ့ ရိုဟင်ဂျာ မွတ်စလင် တစ်သိန်းသုံးသောင်းကျော်ဟာ သဲချောင်း၊ သက္ကယ်ပြင်၊ အုန်းတောကြီး၊ ဒါးပိုင်၊ အနောက်စံပြ၊ မှန်စီ စတဲ့ ဒုက္ခသည်စခန်း ၁ဝ ခု ကျော်မှာ ဒီနေ့ အချိန်အထိ အခက်အခဲမျိုးစုံနဲ့ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။