ဒါရိုက်တာရှင်ဒေဝီရဲ့ ကမ်းပါးပြိုတဲ့ ရုပ်သံသတင်းနဲ့ RFA ဂရေစီဆုလက်ခံ

RFA Burmese
2024.05.24
ဒါရိုက်တာရှင်ဒေဝီရဲ့ ကမ်းပါးပြိုတဲ့ ရုပ်သံသတင်းနဲ့ RFA ဂရေစီဆုလက်ခံ RFA မြန်မာဌာနက သတင်းဆောင်းပါးရှင် ရှင်ဒေဝီရိုက်ကူးသည့် “ကမ်းပါးပြို ခြင်းနှင့် လူမှုဘဝထိခိုက်မှုများ" ဗီဒီယိုဆောင်းပါးနှင့် အကောင်းဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်သံသတင်းတင်ဆက်မှုဆုရရှိခဲ့သည့် ဂရေစီဆုအား တွေ့ရစဉ်။
RFA

အမေရိကန်အခြေစိုက် အမျိုးသမီးမီဒီယာသမားများ ညွန့်ပေါင်းဖောင်ဒေးရှင်း (Alliance for Women in Media Foundation) က ရွေးချယ်ချီးမြှင့်တဲ့ ဒီဆုပေးပွဲမှာ လွတ်လပ်တဲ့အာရှအသံ RFA မြန်မာဌာနက သတင်းဆောင်းပါးရှင် ရှင်ဒေဝီရိုက်ကူးတဲ့ “ကမ်းပါးပြို ခြင်းနှင့် လူမှုဘဝထိခိုက်မှုများ" ဆိုတဲ့ ဗီဒီယိုဆောင်းပါးနဲ့ အကောင်းဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်သံသတင်းတင်ဆက်မှုအဖြစ် ဆုရရှိခဲ့ပါတယ်။

ကွယ်လွန်သူ အမေရိကန်အနုပညာရှင် Gracie Allen (၁၈၉၅-၁၉၆၄) အမှတ်တရအဖြစ် ဂရေစီဆု လို့အမည်ပေးထားတဲ့ ဒီဆုကို ၁၉၇၅ ခုနှစ်ထဲက ရွေးချယ်ချီးမြှင့်ခဲ့တာပါ။

မေလ ၂၁ ရက်နေ့မှာကျင်းပတဲ့ ဒီနှစ်ဆုပေးပွဲမှာ အမေရိကန်ဟာသသရုပ်ဆောင် မင်းသမီးလည်းဖြစ် အဆိုတော်လည်းဖြစ်တဲ့ ကာရိုး ဘန်းနက် (Carol Burnett) က တစ်သက်တာဆုရရှိခဲ့ပြီး အမေရိကန်သမ္မတဟောင်း ဘရတ် အိုဘားမားရဲ့ဇနီး မစ်ရှယ်အိုဘားမား၊ ကမ္ဘာကျော် ဟောလိဝုဒ်မင်းသမီး နစ်ကိုးလ်ကစ်ဒမင်းနဲ့ ဆယ်လီနာ ဂိုးမက်ဇ်တို့လည်း ဆုရရှိပါတယ်။

ဒီလိုကမ္ဘာကျော်သရုပ်ဆောင်တွေတင်မက ကမ္ဘာကျော်သတင်းနဲ့ ဖျော်ဖြေရေးလုပ်ငန်းကြီးတွေ ဖြစ်တဲ့ CNN, BBC, HBO, ABC News, National Geographic, Netflix တို့က အမျိုးသမီးတွေရဲ့ ဖန်တီးထုတ်လုပ်မှုတွေ၊ အမျိုးသမီးတွေအကြောင်း သတင်းနဲ့ဇာတ်လမ်းတွေကလည်း ဆုအများအပြား ရရှိပါတယ်။

ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တဲ့ ဆုပေးပွဲကို ဆုရရှိသူ ကမ္ဘာကျော်မင်းသမီးကြီးတွေဖြစ်တဲ့ ကာရိုး ဘန်းနက်၊ မာရီယာရှက်ဗာ၊ ခရစ္စစတင်းဝစ်ဂ် တို့အပါအဝင် ထိပ်တန်းမင်းသမီးကြီး ဂျိန်းဖွန်ဒါ နဲ့ ဟောလိဝုဒ်အကျော် အမော်မြောက်များစွာ တက်ရောက်ခဲ့ပါတယ်။

RFA မြန်မာဌာနဟာ ရှင်ဒေဝီရိုက်ကူးတဲ့သတင်းဗီဒီယိုနဲ့ ကမ္ဘာကျော်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့တန်းတူ ဆုရရှိခဲ့တာဖြစ်တဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ကောင်းလှပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကတော့ ဆုရဗီဒီယိုဆောင်းပါးကို ရိုက်ကူးတဲ့ ရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ထားတာကြောင့် ဒီဆုကို ရိုက်ကူးသူ ကိုယ်တိုင်တက်ရောက် မယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်ဒီဇင်ဘာလအထိ သတင်းသမားပေါင်း ၂၀၀ ကျော် အဖမ်းခံခဲ့ရပြီး ၁၆၀ ကျော်ကို ပုဒ်မပေါင်းစုံနဲ့တရားစွဲထားပါတယ်။ အဲဒီထဲမှာ ရှင်ဒေဝီအပါအဝင် က ၇၆ ဦးကတော့ ထောင် ဒဏ်ချမှတ်ခံရပြီးဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့တွင် ကျင်းပသည့် ဂရေစီဆုချီးမြှင့်သည့်အခမ်းအနားအား ၂၀၂၄ ခုနှစ် မေလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့တွင် ကျင်းပသည့် ဂရေစီဆုချီးမြှင့်သည့်အခမ်းအနားအား ၂၀၂၄ ခုနှစ် မေလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရှင်ဒေဝီဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ သံဃာတွေကို စစ်တပ်က အင်အားသုံးဖြိုခွဲတဲ့အ ကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်နဲ့ နိုင်ငံတကာကိုသိစေခဲ့တဲ့ သတင်းထောက်တစ်ဦး ဖြစ်ပါတယ်။ သူရိုက်ကူးတဲ့မှတ်တမ်းရုပ်ရှင်တွေဟာလည်း ပြည်တွင်းပြည်ပဆုတွေရရှိခဲ့ပါတယ်။

သတင်း၊ ဖျော်ဖြေရေနဲ့ မီဒီယာလောကက အမျိုးသမီးတွေကို ကမ္ဘာမှာအခုလို ကြီးကျယ်ခမ်းနားစွာနဲ့ ထိုက်ထိုက်တန်တန် ချီးမြှင့်ဂုဏ်ပြုနေချိန်မှာ ရှင်ဒေဝီအပါအဝင် မြန်မာအမျိုးသမီးသတင်းသမားတွေကတော့ စစ်တပ်က ဖမ်းဆီးထောင်ချမဲ့ အန္တရာယ်၊ စစ်ကြောရေးမှာ၊ ထောင်တွင်းမှာ သတ်ဖြတ်ခံရမဲ့အန္တရာယ်အပါအဝင် စိတ်ခေါ်မှုများစွာကို ရင်ဆိုင်နေကြရပါတယ်။

ရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနဲ့ ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ နိုင်ငံတကာ ရုပ်ရှင်အနုပညာနဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေက တောင်းဆိုထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။