အာဏာရှင်ဆန့်ကျင်သူ ဂီတအနုပညာရှင်ဇနီးမောင်နှံ

အာဏာသိမ်းလိုက်တဲ့ဖြစ်ရပ်နဲ့အတူ ကိုယ်ပိုင်ရည်မှန်းချက်တွေကို ရပ်တန့်လိုက်ရတဲ့ နိုင်ငံသားပေါင်းများစွာထဲမှာ မန္တလေးမြို့က ကိုသီဟ ဇနီးမောင်နှံလည်း အပါအဝင်ဖြစ်ပါတယ်။

မန္တလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရသည့် ဂီတအနုပညာရှင် ကိုသီဟ။ Photo: RFA

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်ခင်က ပုံမှန်နေထိုင်ရှင်သန်မှုတွေနဲ့ နေသားကျနေတဲ့ နိုင်ငံသားအတော်များများရဲ့ ဘဝအနေအထားတွေဟာ အာဏာသိမ်းလိုက်တဲ့ဖြစ်ရပ်နဲ့အတူ အပြောင်းလဲကြီး ပြောင်းလဲသွားကြရပါတယ်။ အဲဒီလို မိမိကိုယ်ပိုင်ရည်မှန်းချက်တွေကို ရပ်တန့်လိုက်ရတဲ့ နိုင်ငံသားပေါင်းများစွာထဲမှာ မန္တလေးမြို့က ကိုဝေဖြိုးသူတို့ ဇနီးမောင်နှံလည်း အပါအဝင်ဖြစ်ပါတယ်။

အခုတော့ သူတို့ဇနီးမောင်နှံဟာ ထိုင်း-မြန်မာနယ်စပ်က ရွာတစ်ရွာမှာ ခိုလှုံနေရပါတယ်။ သီချင်းရေး၊ ဂစ်တာတီး အနုပညာအလုပ်မှာ စိတ်နှစ်ထားတဲ့ သူတို့ရဲ့ ရှင်သန်မှုတွေဟာ အာဏာသိမ်းတဲ့ဖြစ်စဉ်နဲ့အတူ သူတို့ ဘဝပြောင်းလဲခဲ့ရတဲ့အကြောင်းကို အခုလိုပြောပါတယ်။

"အာဏာမသိမ်းခင်အတွေ့အကြုံကတော့ အားလုံးတူလိမ့်မယ်ထင်တယ်။ ကိုယ်ရည်မှန်းထားတဲ့ ရည်မှန်းချက်တွေနဲ့ ကျွန်တော်ဆိုရင် music ပိုင်းမှာ composer လုပ်တယ်။ သီချင်းလေးတွေ ရေးထားတာရှိတယ်။ သီချင်းတွေ အသံစသွင်းဖို့ လုပ်နေပီပေါ့။ professional တစ်ယောက် မဟုတ်ပေမယ့် ကိုယ့်သီချင်းတွေ ကိုယ်တီးတယ်။ ရေးတယ်။ ဆိုဖို့ အသံသွင်းဖို့ စပီး လုပ်နေတဲ့အချိန်ဆိုတော့ အဲဒီသတင်းကိုကြားကြားပြီးပဲ ကိုယ် ရည်ရွယ်ထားတဲ့ ရည်ရွယ်ချက်တွေ အနာဂတ်တွေအားလုံး ဘယ်နှနှစ် ဘယ်နှကာလလောက် နှောင့်နှေးသွားမလဲ၊ ဆုတ်ယုတ်သွားမလဲဆိုတာတွေးမိတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး သွားပြီ ချောက်ထဲ နောက်တစ်ခါ ထပ်ကျပြန်ပြီလို့ တွေးလိုက်တယ်။ ပြီးတော့ ဝမ်းနည်းတာ၊ ဒေါသဖြစ်တာ အားလုံးတစ်ပြိုင်တည်း ခံစားရတယ်"

ကိုဝေဖြိုးသူတို့ဟာ မန္တလေးမြို့က သပိတ်တိုက်ပွဲမျိုးစုံမှာ တက်ကြွစွာပါဝင်တဲ့သူတွေ ဖြစ်လာကြပါတော့တယ်။ စစ်အုပ်စုဘက်က ဆန္ဒပြအဖွဲ့ ဦးဆောင်သူတွေကို စတင်ဖမ်းဆီးရာမှာ ကိုဝေဖြိုးသူလည်း ပါဝင်သွားခဲ့ပါတယ်။ စစ်ကြောရေးမှာ စစ်အုပ်စုက သူတို့အလိုကျ ဝါဒဖြန့်ပေးဖို့ ခိုင်းစေတာတွေ ရှိခဲ့ပေမယ့် သူငြင်းဆန်အန်တုနိုင်ခဲ့ပါတယ်။

"အင်အားများများ လာတာရယ်၊ ထိရောက်မှု ရှိလာတာရယ်ကြောင့် တစ်လပိုင်း ၂၈ ရက်နေ့မှာ အဖမ်းခံရတယ်။ နောက်စစ်ကြောရေးရောက်တယ်။ သူတို့ဘယ်လောက် နှိပ်စက်နှိပ်စက် သူတို့ မေးတဲ့ အချက် အလက်တွေကိုမဖြေဘူး။ နောက်တစ်ခုက သူတို့က ဆိုင်းဘူတ်လေးတွေ ကိုင်ပြီး ဓာတ်ပုံရိုက်စေချင်တယ်။ သူတို့ပြောစေချင်တဲ့ စာသားတွေကို ရွတ်မယ်ဆိုရင် သူတို့ ဗီဒီယိုရိုက်မယ်။ အဲဒါတွေလုပ်ပေးရင် မင်းတို့ကို ပြန်လွှတ်မယ်ပေါ့။ စာသားတွေက ခိုင်းလို့ လုပ်ရတာ၊ ဘယ်လောက်ရလို့လုပ်ရတာ။ နောက်ထပ်ညီလေးတွေ မလုပ်ကြပါနဲ့ဆိုတဲ့ စာသားတွေ ဆိုတော့၊ ကျွန်တော်တို့က မရွတ်နိုင်ဘူး။ထောင်ပို့ချင်လည်း ပို့ဆိုတော့ ကျွန်တော်တို့ကို ထောင်ပို့လိုက်တယ်"



မန္တလေးနန်းတွင်းက စစ်ကြောရေးမှာလည်း အတော်ကို နှိပ်စက်ခံခဲ့ရပါသေးတယ်လို့ ပြောပြပါတယ်။ နှိပ်စက်ခံရတဲ့ ဒဏ်တွေရဲ့ အကျိုးဆက်ကို အခုချိန်ထိခံစားနေရဆဲ ဖြစ်ပါတယ်။ 

"ကွဲပြဲတာမျိုးမဟုတ်ဘဲ အရိုးတွေ အဆစ်တွေ အတော်ထိသွားခဲ့ပါတယ်။ ဒီမေးရိုးဆိုရင် ပွိုင့်ဖိနပ်နဲ့ ဖြတ်ကန်ခံရတဲ့အချိန်မှာ ဒီလိုဖြစ်သွားတယ်။ ထမင်းဝါးတဲ့အခါတိုင်း ဒီလို အသံထွက်နေတယ်။ ချော်သွားတာပေါ့နော်။ လက်ပြန်ကြိုးတုပ် ဒီလိုတုပ်ခံရပီး ထိုင်ထားရတော့ တုတ်တွေ နဲ့ ရိုက်တာတို့ သူတို့စစ်ဖိနပ်နဲ့ကန်တာကို ကာဖို့က အဓိက ခေါင်းနဲ့နံကြားကို ပဲ ကာရတာဆိုတော့ ဒူးကိုဒီလို ထောင်ထားတယ်။ ခေါင်းကို ငုံ့ထားတယ် ဆိုတော့ ကိုယ်တစ်ခြမ်းရယ် မေးတစ်ခြမ်းရယ်ကို ပြင်းပြင်းထန်ထန် ကန်မိတယ်။ ပြီးတော့ လိမ်ထားရတဲ့ လက်ဆစ်၊ ပုခုံးဆစ် ထိတယ်။ နောက် ဒူးပေါ့။ အဲဒါတွေ ပြင်းပြင်းထန်ထန်ထိလိုက်တော့ ဒဏ်ရာတော်တော်လေး ပါသွားတယ်။ ထောင်ထဲရောက်တော့လည်း ဆေးကုသခွင့်ကော ပြခွင့်ကော လုံးဝမပေးဘူး"

ကိုဝေဖြိုးသူရဲ့ဆန်းကြယ်တဲ့ ဘဝကံကြမ္မာကတော့ ညီဖြစ်သူက တပ်မှာ တာဝန်ထမ်းဆောင်နေသလို ဖခင်ဖြစ်သူကလည်း ဌာနဆိုင်ရာတစ်ခုက အကြီးအကဲဖြစ်နေတာပါ။ ဒါ့အပြင် မိသားစုအရင်းအခြာနဲ့ ဆွေမျိုးတွေက စစ်ကောင်စီကို ထောက်ခံလိုသူဖြစ်နေခဲ့တာပါ။ ကိုဝေဖြိုးသူရဲ့အဓမ္မကို ခုခံလိုစိတ်ဟာ မိသားစုအတွက်တော့ တုန်လှုပ်စရာဖြစ်ခဲ့ရပါတယ်။

"ကျွန်တော့်ရဲ့ညီ ကျွန်တော်ရဲ့အဖေ ကျွန်တော့ရဲ့ဦးလေး အတော်များများက စစ်ဘက်ဆိုင်ရာနဲ့ဌာနဆိုင်ရာအကြီးအကဲတွေ။ ဒါကြောင့်စလုပ်ကတည်းက သူတို့က ကျွန်တော့ကို မကြည်ကြတော့တာ။ မင်းလုပ်ချင်ရင် တခြားမှာ သွားလုပ် အိမ်မလာခဲ့နဲ့တော့။ ဒါက ပါးစပ်နဲ့ပြောတာ။ ထောင်ကျပြီဆိုတဲ့ အချိန်မှာ လိုက်လည်း လိုက်မလာဘူး။ တစ်ချက်မှလည်း မကြည့်ဘူး။ အဲဒီအချိန်မှာ သူတို့ကြေညာလိုက်တာ။ အမွေဖြတ်။ ထောင်က ပြန်လာတဲ့အချိန်ကစပြီး ပြတ်သားသွားပြီပေါ့။ သူတို့က အာဏာသိမ်းကောင်စီကို ထောက်ခံကြသူတွေပေါ့"

ထိုင်း-မြန်မာနယ်စပ်တစ်နေရာရောက် အာဏာရှင်ဆန့်ကျင်သူ ဂီတအနုပညာရှင်ဇနီးမောင်နှံ။ (Photo: RFA)

ထောင်ထဲက ပြန်လွတ်လာတဲ့ ကိုဝေဖြိုးသူတို့လို စစ်ကောင်စီကိုဆန့်ကျင်သူတွေဟာ မြို့ပြတွေမှာ နေထိုင်ဖို့ ခက်ခဲလာတဲ့အခြေအနေမှာ တော်လှန်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ရပါတယ်။

"ဆက်ပြီးတော့ တော်လှန်ကြမယ်ဆိုပြီးတော့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျွန်တော်တို့ရောက်သွားတာက ဖလူးစခန်းပေါ့နော်။ သင်တန်းဆင်းပြီး သိပ်မကြာခင်လေးပဲ လေးကေကော်တိုက်ပွဲစဖြစ်တယ်"

ကိုဝေဖြိုးသူဟာ လေးကေကော်တိုက်ပွဲ၊ ဖလူး၊ ဥကရစ်ထ စတဲ့စခန်းကုန်းတွေမှာ တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါပေမဲ့ PDF ရဲဘော်အဖြစ် ဆက်ပြီးတိုက်ပွဲဝင်နိုင်ဖို့ကိုတော့ သူ့ရဲ့ ကျဆင်းလာတဲ့ ကျန်းမာရေးက ကန့်သတ်လိုက်ပါတော့တယ်။ ဒါကြောင့်တပ်ရင်းမှူးရဲ့ ခွင့်ပြုချက်နဲ့ ဆေးကုနားနေဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

"ကျွန်တော်တို့ အိပ်ရတာက မြေကြီးပေါ်တွေ များတယ်။ အရိုးတွေ အဆစ်တွေက ညညဆို ကိုက်လွန်း လို့အော်နေရတယ်။ ကိုယ်အော်နေတော့ ကိုယ့်ဘားတိုက်က ကလေးတွေ မအိပ်ရဘူး။ ထပြီးနှိပ်ပေးကြတယ်။ နောက်ပိုင်းကြတော့ တောင်တက်တောင်ဆင်း ကလဲများတယ်။ ထပ်ပြီးထိထားတာတွေ ပြန်ဖြစ်တော့ ဥကရစ်ထ ရောက်တော့ ကျွန်တော် မဟန်တော့ဘူး။ အပေါ့အပါးသွားတာကစလို့ ကလေးတွေက တွဲပို့နေရတဲ့အဆင့် ရောက်သွားတော့ ဆေးကုဖို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်ကိုယ်လည်း ယူကျုံးမရဖြစ်တယ်။ စိတ်အားလည်း ငယ်တယ်။ ကိုယ့်ကိုယ်ကိုယ် စစ်မတိုက်နိုင်တော့ဘူး၊ မလုပ်နိုင်တော့ဘူးဆိုပြီးတော့ စိတ်အားငယ်မိတာလည်း ရှိတယ်ဗျ။ လုပ်တာက လုပ်ချင်သေးတယ်။ တိုက်တာက တိုက်ချင်သေးတယ်။ အခုအချိန်ဆို ပိုပြီးအရှိန်ကောင်းနေပြီ။ ကိုယ့်ညီအစ်ကိုတွေ ကျနေတာတွေ ကြားတယ်။ အောင်ပွဲတွေလည်း ကြားတယ်။ ကိုယ်လည်း ဝင်ပါချင်တယ်။ ဒါပေမဲ့ ကိုယ်က သုံးမရတဲ့သူဖြစ်နေတော့ အတော်စိတ်မကောင်းဖြစ်ရတယ်။

ကျန်းမာရေးကြောင့် တိုက်ပွဲဝင်ဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာ ကိုဝေဖြိုးသူတို့ဟာ တော်လှန်ရေးအတွက် ကိုယ်တတ်စွမ်းတဲ့နည်းလမ်းနဲ့ပါဝင်နေပြီး တခြားသော ပုံစံအမျိုးမျိုးနဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြသူတွေကို သူ့ရဲ့မိသားစုအရင်းအချာတွေလိုပဲလို့ ဆိုပါတယ်။

"တစ်နေ့ကို အနည်းဆုံး၊ ကျွန်တော်တို့လင်မယားမှာ ဖုန်းနှစ်လုံးရှိတယ်ဗျာ။ ဖုန်းဘေလ်က ခက်ခဲတော့ နှစ်ယောက်ကို တစ်ကတ်သုံးတယ်ဗျာ။ တစ်လစာဝယ်ပြီး hotspot ပေးပြီး တစ်နေကုန်လုံး ကလစ်တယ်။ အိပ်ခါနီးဆို ကလစ်ရင်းနဲ့အိပ်ပျော်သွားတာ။ နိုးလာရင်လည်း တန်းပီးတော့ ကလစ်တယ်။ လုပ်နိုင်တာ ဒါပဲရှိလို့ ဒါပဲလုပ်နေရတာ။ ကျွန်တော်တို့ တောထဲမှာ ရှိနေနေ မြို့ပေါ်မှာ ရှိနေနေ ထောက်ပို့ပဲလုပ်လုပ် PDF ပဲ ဖြစ်ဖြစ်၊ ဗကပ ပဲဖြစ်ဖြစ် ယူဂျီပဲဖြစ်ဖြစ် အရပ်သား ပြည်သူပဲ ဖြစ်ဖြစ်၊ ကလစ်ကာပဲ ဖြစ်ဖြစ်၊ သိသိသာသာလုပ်တဲ့သူပဲဖြစ်ဖြစ်၊ မသိမသာပဲဖြစ်ဖြစ် အားလုံးက အရွေ့တစ်ခုပေါ့နော်။ ဒီအရွေ့လေးမြန်သွားအောင် ဝိုင်းတွန်းနေကြတာလို့ ကျွန်တော်မြင်တယ်။ အကုန်လုံးကို ညီအစ်ကို မောင်နှမ အဖေအမေ လို့ သတ်မှတ်တယ်။ အားပေးချင်တာကတော့ ဆက်ပြီးတော့တောင့်ခံထားပါဦး။ အခုလက်ရှိရောက်နေတဲ့ အနေအထားက နိုင်နေတယ်။ အခုအချိန်မှာ တောင့်ခံထားနိုင်သူ နိုင်လိမ့်မယ်လို့ထင်တယ်"

အခုအချိန်မှာတော့ ကိုဝေဖြိုးသူတို့ဇနီးမောင်နှံဟာ ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ နေထိုင်ရင်း တော်လှန်ရေးအောင်နိုင်ပြီး မွေးရပ်မြေမှာ ပြန်နေနိုင်မယ်နေ့ကို မျှော်လင့်ချက်အပြည့်နဲ့ စောင့်ဆိုင်းနေလျက်ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org