စစ်ဘေးဒဏ်ကြုံရတဲ့ ရခိုင်မြေက သမီးပျို
2020.10.30
ယမ်းငွေ့ဝေတဲ့ ရခိုင်မြေမှာ - တိုက်ပွဲတွေကြောင့် အတိဒုက္ခရောက်ကြရသူတွေထဲ မနှင်းယုလှိုင်လည်း ပါဝင်ပါတယ်။
“သမီးလေး သတိပြန်လည်လာချိန်မှာတော့ ဝမ်းသာရပါတယ်။ သမီးလေးရဲ့အသက်ကို ပြန်ရပြီဆိုမှ ပျော်ခွင့်ရတာ။ သမီးလေး သတိမရခင်က မစားနိုင်၊ မသောက်နိုင် သောကရောက်ခဲ့ရလို့ အဲဒီအချိန်မှပဲ ကျနော်လည်း စားသောက်နိုင်တော့တယ်။”
စက်တင်ဘာလ ၈ ရက်နေ့က မြေပုံမြို့နယ် ညောင်ခက်ကန်ရွာထဲကို လက်နက်ကြီးကျည် ၄ လုံး၊ ရွာအပြင်မှာ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ရွာထဲကိုကျတဲ့ လက်နက်ကြီးကျည် ၄ လုံးထဲက ၂ လုံးဟာ မနှင်းယုလှိုင်တို့ မိသားစုနေတဲ့ ခြံဝင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာပါ။
မျှော်လင့်မထားတဲ့ ဒီဖြစ်ရပ်ကြောင့် အိမ်ထဲမှာရှိနေတဲ့ မနှင်းယုလှိုင်ဟာ ခေါင်းနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ အပြင်းအထန်ရခဲ့ပြီး၊ ၁၅ ရက်လောက် စစ်တွေဆေးရုံပေါ်မှာ မေ့မျောခဲ့ရပါတယ်။
၄၆ ရက်ကြာ ဆေးရုံပေါ်မှာ နေခဲ့ရပြီး၊ အောက်တိုဘာ ၂၆ ရက် တနင်္လာနေ့ကမှ ဆရာဝန်တွေကနေ ဆေးရုံ ဆင်းခွင့် ပေးခဲ့တာဖြစ်ပါတယ်။ ၁၅ ရက်ကြာ မေ့မျောနေတဲ့ သမီးလေးကိုကြည့်ပြီး - မျှော်လင့်ချက်မဲ့သလို ဖြစ်ခဲ့ရတဲ့ ဖခင် ဦးမောင်ဖြူသီးကတော့ -
“ကျနော်တို့ရဲ့ဘဝမှာ ဒီသမီးလေးတစ်ယောက်ပဲ ရှိတာပါ။ ဒီသမီးလေးသာ မရှိတော့ရင် ကျနော်တို့လည်း နေဖို့ အကြောင်း မရှိတော့ဘူး။ သမီးလေးဟာ ကျနော်တို့ရဲ့ မျှော်လင့်ချက်ပါပဲ”
အသက်ဘေးကနေ မနှင်းယုလှိုင် လွတ်မြောက်လာခဲ့ပေမဲ့ - ညောင်ခက်ကန်ရွာမှာ ကျခဲ့တဲ့ လက်နက်ကြီးကျည် ကြောင့် - ကလေးနှစ်ဦး အပါအဝင် လေးဦး သေဆုံးခဲ့တာပါ။ နောက်ထပ် ဆယ်ဦးလည်း ဒဏ်ရာတွေ ရရှိခဲ့ကြ ပါတယ်။ ကျည်ဆံတွေကြား သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေအတွက်ကတော့ အစားထိုးမရတဲ့ ဆုံးရှုံးမှုလို့ ဆိုရမှာပါ……။
လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေဟာ ဘယ်တော့မှ ပစ်မှတ်မဖြစ်သင့်ဘူးလို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဒီဖြစ်ရပ်မှာ ကြေညာချက် ထုတ်ပြန်ခဲ့သလို၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အန်ဒရူး (Thomas Andrews) ကလည်း - တိုက်ခိုက်မှုတွေ ရပ်ပြီး၊ အပစ်အခတ်ရပ်စဲရေး ချက်ချင်း ကြေညာဖို့ ပြောဆိုခဲ့ပါတယ်။
အသက် ၂၂ နှစ်သာရှိသေးတဲ့ မနှင်းယုလှိုင်ဟာ သမိုင်းဘာသာရပ်နဲ့ ရန်ကုန်အဝေးသင်တက္ကသိုလ်မှာ နောက်ဆုံးနှစ်တက်နေတဲ့ ကျောင်းသူတစ်ဦးပါ။ မကြာခင်မှာ ဘွဲ့ရတော့မယ့် လူငယ်တယောက်ရဲ့ အနာဂတ်၊ မိဘတွေရဲ့ အိပ်မက်တွေက ဒီစစ်ပွဲတွေကြောင့် နှောင့်နှေးခဲ့ရပါပြီ။
ခေါင်းမှာရခဲ့တဲ့ဒဏ်ရာတွေကြောင့် စကားမပြောနိုင်သေးတဲ့ သမီးလေးကိုကြည့်ပြီး…. ပညာတတ်ကြီးဖြစ်စေချင် တဲ့ မိခင်တစ်ယောက်ရဲ့ မျှော်လင့်ချက်ကို မနှင်းယုလှိုင်ရဲ့မိခင် ဒေါ်စိန်သန်းယဉ်က အခုလို
ပြောပြပါတယ်။
“သမီးလေး သတိမရခင်တုန်းကဆိုရင် ကျမမှာ မနေတတ်မထိုင်တတ်နဲ့။ သမီးလေးနဲ့အတူတူ သေသွားချင်တဲ့ အထိ ဖြစ်ခဲ့တယ်။ သူသတိပြန်ရလာတော့မှ မျှော်လင့်ချက်တွေ ရှိလာတာ။ အခုလည်း သမီးလေးကို စကား ကောင်းကောင်း ပြန်ပြောစေချင်တယ်။ လက်ကိုလည်း အရင်လို ပုံမှန်လှုပ်ရှားလို့ ရတဲ့အထိ ကောင်းလာ စေချင်တယ်။ သမီးလေးက ကျောင်းလည်း မပြီးသေးဘူး။ သူ့ကို ပညာတတ်ကြီး ဖြစ်စေချင်တာ”
ဒဏ်ရာတွေနဲ့ မနှင်းယုလှိုင်ရဲ့အသက်ကိုကယ်ဖို့ စစ်တွေဆေးရုံကို အချိန်မီပို့ဆောင်ပေးခဲ့တာ စစ်ဘေးသင့် လူနာများကူညီရေးအုပ်စုက ဖြစ်ပါတယ်။ ဒီအုပ်စုက ကိုရဲသော်ထူးကတော့ - မနှင်းယုလှိုင်ရဲ့ ခေါင်းထဲမှာ ကျန်နေသေးတဲ့ လက်နက်ကြီးအစတစ်ခုကို ရန်ကုန်မှာ ထပ်ပြီး ခွဲစိတ်ရဦးမယ်လို့ ပြောပါတယ်။
“သူ့ခေါင်းမှာထိတာက နှစ်ချက်လို့ ဆရာဝန်တွေက ပြောပါတယ်။ တစ်ချက်ကိုတော့ စစ်တွေဆေးရုံမှာ ခွဲစိပ်လို့ အဆင်ပြေတယ်။ နောက်တစ်ချက်ကိုတော့ ရန်ကုန်မှာ သွားကုရမယ်။ ရန်ကုန်ကိုတော့ အခုအချိန်မှာ သွားလို့ မရသေးဘူး။ ပြီးတော့ သူ့ရဲ့အခြေအနေတွေ ပုံမှန် ပြန်ဖြစ်အောင်လို့ လေ့ကျင့်ရဦးမယ်။ အခြေအနေ ပုံမှန် ဖြစ်တော့မှ ရန်ကုန်ကို ဆက်သွားရမှာ”
မနှင်းယုလှိုင်ဟာ လောလောဆယ် စစ်တွေမြို့က အလိုတော်ပြည့် စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတာပါ။ သူ ပုံမှန် လှုပ်ရှားလာနိုင်ဖို့အတွက် အလှူရှင်တွေရဲ့ အကူအညီနဲ့ သံတန်းတွေလုပ်ပြီး လေ့ကျင့်ပေးဖို့ ကြိုးစားနေပါတယ်။
ဒါပေမဲ့လည်း မူလအနေအထားကို ပြန်ရောက်ဖို့ဆိုတာကတော့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်း ရင်ဆိုင်နေရတဲ့ ကပ်ဘေးကာလမှာ လူသားချင်းစာနာတဲ့အနေနဲ့ ဒီစစ်ပွဲတွေရပ်ထားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရတ်စ်ကလည်း လက်နက်ကိုင်အဖွဲ့တွေအားလုံးကို ဒီနှစ်ဆန်းပိုင်းက တိုက်တွန်းထားတာပါ။
တိုက်ပွဲတွေမရပ်နိုင်သမျှ သာမန်အရပ်သားတွေ ထိခိုက်သေဆုံးဒဏ်ရာရမှုတွေဟာ နေ့စဉ်နဲ့အမျှ တိုးလာဦးမှာလည်းဖြစ်ပါတယ်။
RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ၂ဝ၁၈ ဒီဇင်ဘာလကနေ ၂ဝ၂ဝ စက်တင်ဘာလကုန် အထိ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ သေဆုံးတဲ့ အမျိုးသမီး ၅၁ ဦးရှိပါတယ်။ ထိခိုက်ဒဏ်ရာရသူ အမျိုးသမီး စုစုပေါင်းကတော့ ၁၈၆ ယောက် ရှိပါတယ်။
၂ဝ၁၉ ခုနှစ်မှာ သေဆုံးတဲ့ အမျိုးသမီး ၁၅ ဦး၊ ဒဏ်ရာရသူက ၆၁ ဦးသာ ရှိခဲ့ရာကနေ ၂ဝ၂ဝ စက်တင်ဘာ အထိ ဒီ ၉ လတာကာလအတွင်းမှာ သေဆုံးတဲ့ အမျိုးသမီး ၃၆ ဦး၊ ဒဏ်ရာရသူက ၁၂၅ ဦး ရှိခဲ့တာကြောင့် ရခိုင်စစ်ရေးပဋိပက္ခတွေအတွင်းမှာ အမျိုးသမီးတွေ ထိခိုက်သေဆုံးမှု သိသိသာသာ များလာတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။