တပ်ထောက်ခံသူတွေ စစ်အာဏာရှင် ဆန္ဒပြသူတွေနဲ့ မီဒီယာတွေကို ရန်ပြု
ရန်ကုန်မြို့လယ်ခေါင်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဒီနေ့ တပ်ထောက်ခံသူတွေက လမ်းသွားလမ်းလာ တွေကို တုတ်၊ ဓားလက်နက်တွေနဲ့ ရန်ရှာတိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံတဲ့ ဆန္ဒပြသူတွေဟာ ဖေဖော်ဝါရီလ ၂၅ ရက် ဒီနေ့မနက် ၉ နာရီ လောက်မှာ ဆူးလေဘုရားလမ်းအတိုင်း ဆူးလေဘုရားတစ်ပတ်ပတ် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကောင်စီကို ထောက်ခံဆန္ဒပြသူတွေ ဆူးလေဘုရားလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့် အရောက်မှာ လုံခြုံရေး ရဲတပ်ဖွဲ့တွေဟာ လုံခြုံရေးအတားဆီးတွေကို ဖယ်ပေးခဲ့ပြီး လမ်းဖွင့်ပေးခဲ့ပါတယ်။
ဆူးလေလမ်းတစ်လျှောက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေဟာ သံပုံးတွေ တီးခဲ့ကြ သလို အလိုမရှိ၊ အလိုမရှိ ဆိုပြီး ဆန့်ကျင်ခဲ့ပါတယ်။
မြို့လယ်ခေါင်က ဆူးလေရှန်ဂရီလာဟိုတယ်ဘေးမှာ လမ်းသွားလမ်းလာ တစ်ယောက်ကို တပ်ထောက်ခံသူ တွေက ဓားနဲ့ထိုးပြီး ဝိုင်းဝန်း ကန်ကျောက်ခဲ့ကြပါတယ်။
သတင်းမီဒီယာသမားတွေကိုလည်း ရန်ပြုတိုက်ခိုက်တာတွေရှိခဲ့ပေမယ့် ဒဏ်ရာရတာတော့မရှိခဲ့ပါဘူး။
အထက်ပန်းဆိုးတန်းလမ်းနဲ့ ဗိုလ်မင်းရောင်လမ်းထောင့်မှာလည်း တပ်မတော်ထောက်ခံသူတွေနဲ့ ပြည်သူတွေ ထိပ်တိုက်တွေ့ပြီး ပြဿနာတွေ ဖြစ်ပွားခဲ့ပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းနဲ့ ဗိုလ်မင်းရောင်လမ်းထိပ်နားမှာ စစ်ကောင်စီ ထောက်ခံသူတွေနဲ့ ကားတွေကို လက်နက်ပစ္စည်းတွေနဲ့ ရပ်ကွက်နေပြည်သူတွေက ထပ်မံဖမ်းမိခဲ့ပြီးနောက် မေးမြန်းစစ်ဆေးပြီးနောက် အားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲဒီအထဲမှာပါဝင်တဲ့ စစ်တပ်ထောက်ခံသူတချို့က သတင်းမီဒီယာသမားတွေနဲ့ ရပ်ကွက်နေပြည်သူတွေကို ရန်တွေ့တာ၊ ထိုးကြိတ်တာတွေ လုပ်ခဲ့တာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
သတင်းမီဒီယာသမားတွေနဲ့ ရပ်ကွက်နေပြည်သူတွေကို ထိုးကြိတ်ခဲ့သူတွေကိုတော့ ရဲတပ်ဖွဲ့ဝင်တွေက အကာအကွယ်ပေးပြီး ရဲကားနဲ့ ခေါ်ဆောင်သွားခဲ့ကြပါတယ်။