ရန်ကုန်မြို့က ကျပ်တစ်ထောင်တန် ထမင်းဆိုင်
2024.01.03

လက်လုပ်လက်စားလူတန်းစားတွေအတွက် ထမင်းနဲ့ ဟင်းတစ်ပွဲကို ကျပ်တစ်ထောင် တည်းနဲ့ ဝယ်စားနိုင်မယ့်ဆိုင်လေးတစ်ဆိုင် ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်းမှာ တွေ့ရတာပါ။
“သူတို့ အဲလိုစားနေတဲ့အချိန်မှာ အမေက အရမ်းဝမ်းသာလို့လေ မျက်ရည်တောင် ကျတယ်"
“တန်မှတန်” လို့နာမည်ပေးထားတဲ့ အဲဒီထမင်းဆိုင်လေးကို လွန်ခဲ့တဲ့နှစ်လလောက်ကမှ ကိုကျော်ကျော် ဆိုတဲ့လူငယ်က သူ့အမေနဲ့ မိသားစုတွေရဲ့လုပ်အားနဲ့ ဖွင့်ထားတာပါ။ သူတို့ ထမင်းဆိုင်ဟာ တန်မှတန်ဆိုတဲ့ နာမည်နဲ့လိုက်အောင် အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေပါ ထည့်ပေးသလို၊ လူမျိုးဘာသာမရွေး စားနိုင်အောင် စီစဉ်ထားတာတွေ့ရပါတယ်။
“ကျွန်တော့်မှာ ရည်ရွယ်ချက်ကတော့ ကိုယ့်လိုအခက်အခဲ မဖြစ်စေချင်ဘူး။ သူတို့ကို ငွေတစ်ထောင် ကိုင်လာရင် ထမင်းနဲ့ ဟင်းလေးကိုင်ပြီး ပြန်သွားစေချင်တဲ့ ရည်ရွယ်ချက်ကြောင့် ကျွန်တော် ဒီဆိုင်ကို ဖွင့်ခဲ့တာပါဗျ။ အကျိုးအမြတ်ကတော့ ရာခိုင်နှုန်းအရမ်းနည်းတယ်။ ရာခိုင်နှုန်း တော်တော်နည်းတယ်။ ကျွန်တော် အကျိုးအမြတ်ကိုကြည့်ပြီး ဒီဆိုင်ဖွင့်လာတာ မဟုတ်ဘူး။ ရည်ရွယ်ချက်လည်း မရှိဘူး။ အကျိုးအမြတ်အတွက် ရည်ရွယ်ချက်ကို မရှိဘူး။ ကျွန်တော် သူများစားနေရရင် ကျွန်တော် ပျော်နေပြီ။ ဒါ ကျွန်တော်တို့ မိသားစုတစ်စုလုံးရဲ့ ရည်ရွယ်ချက်ပဲ”
ဒါကတော့ ဆိုင်ကိုဦးစီးဦးရွက်ပြုနေတဲ့ ကိုကျော်ကျော် ပြောပြသွားတာပါ။ သူ့ရဲ့ အမေ အသက် ၇၂ နှစ်အရွယ် ဒေါ်တင်အေးကိုယ်တိုင် ထမင်းဆိုင်မှာ တတ်နိုင်တဲ့ နေရာကနေ လုပ်ကိုင်နေတာ တွေ့ရပါတယ်။
“သူတို့ အဲလိုစားနေတဲ့အချိန်မှာ အမေက အရမ်းဝမ်းသာလို့လေ မျက်ရည်တောင် ကျတယ်။ ဟိုး.. တစ်နေ့ကလည်း ကလေးမလေးတွေ အဲလိုပဲ အမေ ဝမ်းနည်းတာ။ တကယ် ဝမ်းနည်းတာ၊ လူတွေက အရမ်းဒုက္ခတွေ ရောက်နေတာ။ ထမင်းရည်တောင် အမေ့မျက်စိရှေ့မှာ အိမ်ပေါက်စေ့ တောင်းပြီးသောက်ရတဲ့ ဘဝတောင်ရောက်တယ်၊ လှိုင်သာယာဘက်မှာ။ စိတ်မကောင်းတော့ အဲလို သားလေးရယ် ပိုက်ဆံရှိရင် ဒီလိုလေးလှူ သား အမြတ်မယူနဲ့။ ကြိုးစားအားထုတ်ပြီး တစ်နေ့ သားရဲ့အကြံအစည် အောင်မြင်မှာလို့ဆိုပြီးတော့ လုပ်တာပါ”
သူတို့ ထမင်းဆိုင်က ထိုင်စားဖို့နေရာ အခက်အခဲကြောင့် ပါဆယ်ဝယ်တဲ့သူက ပိုများပါတယ်။ အထူးသဖြင့် နယ်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်နေကြတဲ့ လက်လုပ်လက်စားတွေ အများဆုံးလာဝယ်ကြတယ်လို့ ပြောပါတယ်။
ကိုကျော်ကျော်ရဲ့ တူမ အသက် ၁၅ နှစ်အရွယ် မကေသွယ်မျိုးကလည်း အခုလို ဝိုင်းကူလုပ်ပေးရတာကို ပျော်ပြီးကျေနပ်တယ်လို့ ပြောပြပါတယ်။
“ပျော်တာပေါ့။ ဒါပေမဲ့ ဆိုက်ကားဆရာကြီးတွေ၊ Delivery ဆရာကြီးတွေ၊ နေ့စားသမားတွေ၊ လက်လုပ်လက်စားသမားတွေလာတော့ ပိုပျော်တာပေါ့။ သူတို့လည်း ဝမ်းဝတယ်။ သမီးတို့လည်း ပိုက်ဆံမရပေမယ့်၊ အမြတ်နည်းပေမယ့် ပျော်ရတာပေါ့။ ပင်ပန်းလားဆိုတော့ ပင်ပန်းတယ်။ ဒါပေမဲ့ သူတို့ ယူသွားတဲ့ဥစ္စာလေးတွေ ကြည့်ပြီးတော့ ပျော်ရတာပေါ့”
ကိုကျော်ကျော်တို့ဟာ သာသနာ့ဘောင်က ပုဂ္ဂိုလ်တွေကို လှူဒါန်းတာလည်း တွေ့ရပါတယ်။
သူတို့က မနက် ၇ နာရီကနေ နေ့လယ်အထိ ချက်ပြုတ်ကြတာပါ။ ထမင်းကိုလည်း တစ်ပြည် (ကျပ်) ၆၅၀၀ ပေးရတဲ့ဆန်ကို သုံးထားသလို အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက် တွေဆိုရင်လည်း လတ်လတ်ဆတ်ဆတ်ကို သုံးတယ်လို့ ပြောပါတယ်။ အခုဆိုရင် တစ်ရက်ကို ဆန်တစ်အိတ် ကုန်တယ်လို့ ပြောပါတယ်။
ကိုကျော်ကျော်ရဲ့ အစ်မ အသက် ၄၅ နှစ်အရွယ် ဒေါ်ဝင်းသီတာအေးကလည်း ချက်ပြုတ်ရေးမှာ အဓိက လုပ်ကိုင်နေတာ တွေ့ရပါတယ်။
“မလှူတတ်ရင်ဈေးရောင်းဆိုတဲ့အတိုင်း အစ်မတို့က လှူလည်းလှူတယ်၊ ဈေးလည်း ရောင်းတယ်။ အဲလိုမျိုး။ နှစ်မျိုးလုံး အစ်မတို့ လုပ်ပေးတာ။ ကိုယ် ပင်ပန်းရကျိုး နပ်တယ်ကွာ။ ရှင်းရှင်းပြောရရင် ချွေးမကလို့ သွေးပဲထွက်ပါစေ အဲဒီအချိန်မှာ ကိုယ်ပင်ပန်းရကျိုး အရမ်းနပ်တယ်”
အခုကာလမှာ မုန့်ဟင်းခါးတစ်ပွဲဖိုးတောင် မရှိတဲ့စျေးနှုန်းနဲ့ ထမင်းနဲ့ ဟင်းကို ဘယ်လိုရောင်းနေသလဲဆိုတာ မတွေးတတ်ဘူးလို့ စားသုံးသူလည်းဖြစ်၊ အလှူရှင်လည်းဖြစ်တဲ့ အသက် ၆၃ နှစ်အရွယ် ဒေါ်ခင်ကြည်က ပြောပါတယ်။
“သူဘယ်လိုရောင်းနေလဲလို့တောင် တွေးတယ်။ ဘာလို့လဲဆိုတော့ တစ်ထောင်ဆိုတဲ့ ဟာက မဖြစ်နိုင်ဘူး။ ဘယ်လိုမှ မရနိုင်ဘူး။ အသုပ်တစ်ပွဲတောင်မှ၊ မုန့်ဟင်းခါး အလွတ်တောင် တစ်ထောင်ရှိတယ်။ အကြော်ပါရင် ၁၂၀၀ ရှိတယ်။ အဲတော့ သူက ထည့်လိုက်တာ ထမင်းရယ်၊ ကြက်သားဟင်း တစ်ထုပ်ရယ်၊ ပြီးတော့ ပါသေးတယ်။ ငရုတ်သီး၊ တို့စရာတွေကပါတယ်။ အရွက်လေးတွေ။ သူစေတနာ တော်တော်ပါတယ် ဆိုတာကို ခံစားလို့ရတယ်။ ကြည့်လေ မိသားစုအားလုံးကလေ တော်ရုံတန်ရုံ စေတနာနဲ့ ဒီတစ်ထောင်ဆိုတဲ့ဟာကို ရောင်းဖို့ဆိုတာ မလွယ်ဘူး”
ဆိုင်အတွက်လိုအပ်တဲ့ အသား ငါး၊ ဆန်နဲ့ ဟင်းသီးဟင်းရွက်တွေ ဝယ်တဲ့အခါ စျေးသည်တွေကလည်း ပုံမှန်စျေးထက် လျှော့ရောင်းချပေးကြတယ်လို့ ကိုကျော်ကျော်က ပြောပါတယ်။
ဒါကြောင့် သူ့ဆီ လာအားပေးတဲ့သူ၊ တစ်ဖက်တစ်လမ်းက ဝိုင်းကူတဲ့သူတွေရှိနေသမျှဟာ သူတို့ လုပ်ချင်တဲ့အလုပ်တစ်ခု ရှေ့ဆက်နိုင်ဖို့ ခွန်အားဖြစ်စေတယ်လို့ ကိုကျော်ကျော်က ပြောပါတယ်။
“ကျွန်တော့်ဆီမှာ လာစားနေတဲ့သူတွေရှိနေသရွေ့ ကျွန်တော့် ခွန်အားပဲ။ ကျွန်တော့်ဆီမှာ လာဝယ်ရင်၊ ကျွန်တော့် ဆိုင်မှာလူတွေအုံနေတယ်၊ ခဲနေတယ်။ ဒါကျွန်တော့်အတွက် ခွန်အားပဲ။ ဟာ.. ငါ့ညီလေးတွေ လာနေတယ်၊ ငါ့ ညီမလေးတွေ၊ သမီးလေးတွေ၊ သားလေးတွေ၊ အကိုကြီးတွေ၊ ဦးလေးကြီးတွေ၊ ဟာ.. ပျော်လိုက်တာ။ ဆိုက်ကား ဆရာကြီးတွေ၊ Delivery ညီလေးတွေ၊ ဟာ ဝန်ထမ်းလေးတွေကွ ကိုယ်ပေးနေရတာကို၊ ကျွေးနေရတာကို ဒါပေမဲ့ သူတို့က သူ့ပိုက်ဆံနဲ့သူ လာစားတာ။ ဒါပေမဲ့ ကိုယ်က အမြတ်မကြည့်ဘဲ ဖွင့်ထားတဲ့အတွက် ကျွန်တော့်ကို အားပေးတဲ့သူတွေ ရှိနေသရွေ့ ကျွန်တော့်ရဲ့ ပင်ပန်းမှုအားလုံးသည်လည်း သူတို့ပေးတဲ့ခွန်အားက ကျွန်တော့်ကို ရှေ့ဆက်စေနိုင်တယ်ဗျ”