ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တပ်မတော်ကို RCSS ဝေဖန်
2019.10.27
နေပြည်တော်မှာ ကျင်းပမယ့် အပစ်ရပ်လေးနှစ်ပြည့်အခမ်းအနားကို သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌနဲ့အဖွဲ့ မတက်ရောက်တော့တဲ့အတွက် အပစ်ရပ်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။
တပ်မတော်ဟာ JICM အစည်းအဝေးကို ပျက်စေချင်သလို NCA စာချုပ်ပါ သဘောတူညီချက်တွေကို ဖျက်သိမ်းလိုတယ်လို့ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က ဒီနေ့ ပြောလိုက်ပါတယ်။
နေပြည်တော်မှာ မနက်ဖြန် အောက်တိုဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့် အခမ်းအနားနဲ့ JICM အစည်းအဝေး တက်ရောက်နိုင်ခြင်း မရှိတဲ့ အခြေအနေနဲ့ပတ်သက်ပြီး RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် တစ်နေရာမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး သူတို့သဘောထားအမြင်တွေကို ပြောကြားခဲ့ပါတယ်။
NCA စာချုပ်ဟာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ EAO တွေ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ဖြစ်ပြီး အားလုံးပါဝင်တက်ရောက်ရမယ့် အထိမ်းအမှတ် အခမ်းအနားတစ်ခုလည်း ဖြစ်သလို PPST ရဲ့ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ အဖွဲ့ဝင် ကိုယ်စားလှယ်တွေ မတက်ရောက်နိုင်တဲ့ အခြေအနေဖြစ်လာတာဟာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ရှေ့ဆက်နိုင်ဖို့ ခက်ခဲလာမယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။
"ဒီ NCA လက်မှတ်ရေးထိုးခြင်း အထိမ်းအမှတ် လေးနှစ်ပြည့် အခမ်းအနားဟာ အရေးကြီးတယ်၊ ပြီးတော့ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေ အားလုံးလည်း တက်ရောက်ရမယ့် ပွဲလည်းဖြစ်တယ်၊ အခုလို ကျင်းပသွားမယ်ဆိုရင်လည်း ဒီပွဲဟာ သိပ်ပြီးတော့ အလေးအနက်တော့ မရှိတော့ဘူးပေါ့နော်၊ အခု ဒီလိုမျိုး ကိစ္စမျိုးဖြစ်သွားတဲ့နေရာမှာ ရှေ့ဆက်ပြီးတော့ နိုင်ငံရေး ဆွေးနွေးဖို့ရာ ပိုမိုပြီး ခက်လာလိမ့်မယ်လို့ မျော်လင့်ပြီးတော့မှ အချက်ပြတဲ့သဘောဖြစ်ပါတယ်"
ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ နေပြည်တော်မှာ ကျင်းပမယ့် NCA လေးနှစ်ပြည့် အခမ်းအနား အပါအဝင် တခြားအစည်းအဝေးတွေကို ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မှ တက်ရောက်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
လက်ရှိဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကြောင့် တရားဝင်ပြန်လည် စတင်ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ ပိုမိုအလှမ်းဝေးသွားသလို တပ်မတော် အစိုးရနဲ့ တိုင်းရင်းသားတွေအကြား အပြန်အလှန်ဆွေးနွေးမှုတွေနဲ့ ယုံကြည်မှုတွေ တည်ဆောက်ဖို့ လိုအပ်နေသေးတယ်လို့လည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုပါတယ်။
"အခု ကျင်းပမည့် JICM အစည်းအဝေးက အင်မတန်မှ အရေးကြီးတယ်လို့ ကျနော်တို့ မြင်တယ်၊ ဒါပေမဲ့ ဒီလမ်းကြောင်းကနေ ကျနော်တို့ကို သွားခွင့်မပေးတာ ကျနော်တို့ကို ဟန့်တားတာ ဆိုတာကတော့ သူတို့က ဒီ အစည်းအဝေးကို မဖြစ်စေချင်ဘူးလို့ ကျနော်တို့ မြင်ပါတယ်၊ တပ်မတော် အနေနဲ့ NCA သဘောတူညီချက် စာချုပ်ကို ဖျက်သိမ်းလိုတယ်ဆိုတဲ့ သူ့ရဲ့လက္ခဏာတစ်ခုကို ပြနေတယ်လို့ ကျနော်တို့ မြင်ရတယ်။ လက်ရှိအခြေအနေနဲ့ ဖြေကြားရမယ်ဆိုရင်တော့ ပိုမိုပြီး အလှမ်းဝေးသွားပါတယ်"
RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ် ဟိုမိန်းမြို့နယ် နားမွန်ကျေးရွာကတဆင့် ဟိုမိန်း၊ လင်းခေး၊ တောင်ကြီးကနေ နေပြည်တော်ကိုသွားဖို့ အစိုးရနဲ့ သဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။
နေပြည်တော် ခရီးစဉ် စတင်ဖို့ နယ်စပ်ကိုရောက်ရှိချိန်မှာတော့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် တိုင်းမှူး ဗိုလ်ချူပ် သန်းလှိုင်က ဖြတ်သန်းသွားလာရန် ခွင့်မပြုကြောင်း အကြောင်းကြားလာသလို မနေ့ကကျင်းပခဲ့တဲ့ တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း လမ်းခရီးလုံခြုံရေး အခြေအနေတွေနဲ့ PNO အဖွဲ့နဲ့ မူးယစ်ဆေးဝါး ပြဿနာတွေကြောင့် တာချီလိတ်ကတဆင့် လေယာဉ်ခရီးနဲ့လာဖို့ ပြောဆိုခဲ့တာလို့ ရှင်းလင်းခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်စစ်ကတော့ ထိုင်းနိုင်ငံတွင်းသွားလာရတဲ့ တဖက်အဖွဲ့အစည်းရဲ့ ခရီးအခက်အခဲ အခြေအနေတွေကို နားမလည်တာကြောင့် လေယာဉ်နဲ့လာဖို့ အလွယ်တကူ ခရီးစဉ်ပြောင်းလဲ သွားလာဖို့ ပြောဆိုတာ ဖြစ်နိုင်သလို လမ်းခရီးလုံခြုံရေးဟာလည်း အခြေအမြစ်မရှိဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
"သူတို့ပြောတာကတော့ အခြေအမြစ်မရှိပါဘူး၊ PNO နဲ့ ကျနော်တို့ကြားမှာ ပဋ္ဋိပက္ခဖြစ်တဲ့ ပြသနာတွေ ရှိတယ်ဆိုတာ ကျနော်တို့ မရှိပါဘူး၊ အမှန်ဆို ကျနော်တို့ ကြားမှာ၊ သူတို့ သတင်းထုတ်ပြန်သွားတဲ့ထဲမှာ PNO နဲ့ ပြဿနာတို့ သူတို့ ဒီ နမ့်ဟူးဘက်မှာ သူတို့ မူးယစ်ဆေးဝါး စက်ရုံကိုဖမ်းဆီးရမိတယ်ဆိုတာ ဒါကတော့ တခြား ကိစ္စခြင်းမတူပါဘူး၊ Case ခြင်းမတူပါဘူး။ အမှန်ဆို ကျနော်တို့ ၁၈ ရက်နေ့ကလည်း ကျနော်တို့ ညှိနှိုင်းထားပြီးပြီ ၂၃ ရက်နေ့ကလည်း ကျနော်တို့ အတိအလင်း အကြောင်းကြားတယ်၊ စာပို့ပြီး အကြောင်းကြားတယ်၊ အမှန်ဆို ဒီလမ်းက မသွားနိုင်ဘူးဆို ချက်ချင်းအဖြေပေးလို့ရပါတယ်၊ ၂၄ ရက်နေ့ညနေအထိ ကျနော်တို့ ဟိုမိန်းဘက်ကသွားမည့် ခရီးစဉ်ဟာကို အားလုံး အဆင်ပြေပါတယ်၊ ချောမွေ့ပါတယ်ဆိုတာတောင် သူတို့ အကြောင်းပြန်ပါသေးတယ်၊ ဟိုမိန်းဖက်နားက သွားဖို့ ခွင့်မပြုဘူးဆိုတာ ည ၁၀ နာရီလောက်မှ ပြန်ပြီးတော့ အကြောင်းပြန်ကြားလာတာဖြစ်ပါတယ်၊ သူတို့ချက်ချင်းလက်ငင်းကြီးကို ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ အမှန်ဆိုရင်တော့ သူတို့ကသာ လေယာဉ်ပျံနဲ့ စီစဉ်ပါတယ်ဆိုတာ ဒါကတော့ သူတို့ရဲ့ ဖြေရှင်းချက်တစ်ခုပါပဲ၊ လူထုတွေအတွက် သတင်းမှားနဲ့ သူတို့ဖြေရှင်းချက် တစ်ခုပဲဖြစ်ပါတယ်"
ဒီခရီးစဉ်သွားလာဖို့အတွက် အောက်တိုဘာလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ အငြိမ်းစား ဒုတိယ ဗိုလ်ချူပ်ကြီး ခင်ဇော်ဦး ခေါင်းဆောင်တဲ့အဖွဲ့နဲ့ သဘောတူညီမှု ရယူခဲ့ပြီးဖြစ်သလို အစိုးရ တပ်မတော်နဲ့လည်း အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းအထိ အပြန်အလှန် ပြောဆိုထားပြီးဖြစ်ပေမယ့် အောက်တိုဘာလ ၂၅ ရက်နေ့မနက် ခရီးစဉ်စတင်ဖို့ အချိန်နီးကပ်မှ အခုလို ခရီးစဉ်ပျက်ရတာဟာ အချက် သုံးချက်ကြောင့်ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က သူ့အမြင်ကို ပြောပါတယ်။
"အချက် သုံးချက်တော့ ရှိမှာပေါ့နော်၊ အမှန်ဆို NRPC/ PC နဲ့ တပ်မတော်တို့ အပြန်အလှန် ညှိနှိုင်းမှု မရှိဘူးလို့ မြင်ရပါတယ်။ ကျနော်တို့ရဲ့ ခရီးစဉ်ကိုလည်း ကြိုတင်အကြောင်းကြားတယ် ပြီးတော့ ကြိုတင်လည်း ညှိနှိုင်းထားတယ် ဒါပေမဲ့ သူတို့ကြားထဲမှာ အပြန်အလှန် ညှိနှိုင်းမှု မရှိတဲ့အတွက်ကြောင့်မိုလို့ ဒီလိုမျိုး အခက်အခဲမျိုး ကြုံရတာဖြစ်ပါတယ်။ သုံးအချက်ကတော့ ဒီ တပ်မတော်ကတော့ ဒီ NCA သဘောတူညီချက် စာချုပ်အပေါ် အလေးမထားတာပေါ့နော်၊ တန်ဖိုးမထားဘူးလို့ ကျနော်တို့ မြင်ပါတယ်"
အပစ်ရပ်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ PPST အဖွဲ့မှာ ယာယီခေါင်းဆောင် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ နေပြည်တော် ခရီးစဉ်ပျက်သွားတဲ့အတွက် အပစ်ရပ်အဖွဲ့တွေရဲ့ JICM အစည်းအဝေးတွေအားလုံး ဖျက်သိမ်းလိုက်တာလို့ ဆိုပါတယ်။ အပစ်ရပ်အဖွဲ့တွေဟာ မနေ့ကစပြီး နေပြည်တော်မှာ ရောက်ရှိနေကြပြီဖြစ်ပေမယ့် ဒီအစည်းအဝေးတွေ မကျင်းပနိုင်တော့ပဲ ဖြစ်နေတာပါ။
RCSS ဘက်က တပ်မတော်အပေါ် အမြင်တွေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို RFA က မေးမြန်းရာမှာ သူပြောတာက ---
မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက - ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ကြဖို့ အစိုးရနဲ့ တပ်မတော်က ဖိတ်ကြောင်း၊ ပါဝင်ခြင်း-မပါဝင်ခြင်းဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ရွေးချယ်မှုသာဖြစ်ကြောင်း၊ မောင်မောင်ခေါ်တုန်း ဗျာထူးဖို့ လိုကြောင်း ပြောခဲ့ပါတယ်။
RCSS ကတော့ တပ်မတော်ဟာ ၂၀၁၁ ခုနှစ်က ပြည်နယ်အဆင့်/ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့ချိန်ကစလို့ ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးချိန် အထိ သဘောတူညီချက်တွေကို လိုက်နာခြင်းမရှိဘဲ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲပေါင်း ၁၇၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ NCA စာချုပ် လက်မှတ်ရေးထိုးခဲ့ချိန်ကစလို့ အခုနှစ်၂၀၁၉ အောက်တိုဘာလ ၁၅ ရက်နေ့အထိ တိုက်ပွဲပေါင်း ၅၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေဟာ တပ်မတော်က အကြောင်းအမျိုးမျိုးပြကာ လိုက်လံရှာဖွေ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ဒီကနေ့ RCSS က ထုတ်ပြန်ထားပါတယ်။