တွံတေးမြို့က တိမ်ကောပျောက်ကွယ်တော့မယ့် အိုးလုပ်ငန်း

RFA Burmese
2023.01.05
တွံတေးမြို့က တိမ်ကောပျောက်ကွယ်တော့မယ့် အိုးလုပ်ငန်း ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် အိုးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ အိုးလုပ်ငန်းကို ကိုလိုနီခေတ်နှောင်းပိုင်းကာလ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ဝန်းကျင်က စတင်ပါတယ်။ လူတွေဟာ သောက်သုံးရေထည့်ဖို့၊ ဟင်းချက်ပြုတ်ဖို့နဲ့ အလှပန်းပင်တွေ စိုက်ပျိုးဖို့အတွက် မြေသားနဲ့ပြုလုပ်ထားတဲ့ အိုးတွေကို အဓိကအသုံးပြုခဲ့ကြတာပါ။

အရင်က နေရာတိုင်းမှာ မြေအိုးတွေကိုတွေ့မြင်ရပေမယ့် ဒီနောက်ပိုင်း ဈေးနှုန်းသက်သာပြီး အလွယ်ရတဲ့ ပလတ်စတစ် အသုံးအဆောင်ပစ္စည်းတွေကို လူတွေက ပိုအသုံးပြုလာ ပါတယ်။

"အခုတိမ်ကောလာတာ အခုနောက်ပိုင်းကျတော့ ကော်တွေကလည်း အစားထိုး ဝင်လာတယ်"

ပလတ်စတစ် အသုံးအဆောင်တွေကို ထိုင်း၊ တရုတ်စတဲ့ အိမ်နီးချင်းနိုင်ငံတွေက အဓိက တင်သွင်းတာပါ။

ခေတ်ပေါ် ပလတ်စတစ်အသုံးအဆောင်တွေကို ဈေးကွက်မှာ မယှဉ်နိုင်တော့တဲ့ မြန်မာ့မြေအိုးလုပ်ငန်းဟာ တဖြည်းဖြည်းတိမ်ကောလာပြီလို့ တွံတေးမြို့က အိုးလုပ်ငန်းရှင် ဒေါ်သန်းသန်းဝင်းက ပြောပါတယ်။

“အခုတိမ်ကောလာတာ အခုနောက်ပိုင်းကျတော့ ကော်တွေကလည်း အစားထိုး ဝင်လာတယ်။ အစားထိုးဝင်တဲ့အခါကျတော့ ဒီသောက်ရေအိုးတွေ၊ ပန်းအိုးတွေပေါ့။ ဟိုမှာကကျတော့ လွယ်လွယ်ကူကူလည်း ဝယ်လို့ရတယ်။ မလေးမပင်ဘူးပေါ့။ တချို့ တိုက်အမြင့်ကြီးတွေမှာ နေတဲ့သူတွေက ထပ်ပြီးသယ်သွားလို့ရတယ်ပေါ့။ အစ်မကြီးတို့ မြေအိုးကျတော့ နည်းနည်းလေးတယ်။ လေးတဲ့အခါကျတော့ အပေါ်ကို သယ်ရပိုးရ ခက်ပါလိမ့်မယ်။ ခက်တဲ့အခါကျတော့ နည်းနည်းတော့ ကျဉ်းမြောင်းသွားတာပေါ့"

ရင်းနှီးကုန်ကျစရိတ် များပြားတာကြောင့်လည်း အိုးလုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို နိုင်ငံခြားဖြစ် ပလတ်စတစ်အသုံးအဆောင်တွေလို ဈေးပေါပေါနဲ့ မရောင်းနိုင်ဘူးလို့ သူက ပြောပါတယ်။

မြေအိုးပြုလုပ်ရာမှာ အသုံးပြုရတဲ့ သောင်မြေနဲ့ လယ်မြေတွေ ဈေးကြီးလာတာ၊ လုပ်ငန်းသုံးလောင်စာဖြစ်တဲ့ ထင်းနဲ့ ဝါးဈေးတွေ မြင့်တက်လာတာတွေက အိုးလုပ်ငန်းလုပ်ကိုင်သူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့ အိုးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဒေါ်လွင်လွင်အောင်က ပြောပါတယ်။

“ဒီအလုပ်က စီးပွါးမဖြစ်ဘူးလေ။ ကိုယ့်မိသားစု စားဝတ်နေရေးလေးပဲရတာ။ ပညာတတ်တော့လည်း နိုင်ငံခြားသွားကြ။ ကုမ္ပဏီအလုပ်တွေ လုပ်ကြပေါ့။ အခုဒီဟာကျတော့ ထင်းဈေးတွေက ကားတစ်စီးကို တစ်သိန်းကျော်သွားပြီ။ မြေလုံးဈေးတွေဆိုလည်း အဲလိုပဲ သောင်မြေတွေပေါ့။ သောင်မြေတို့၊ လယ်မြေတို့ပေါ့။ အဲဒါဆိုလည်း ဆီဈေးတွေကြီးတာနဲ့ တစ်သိန်းကျော်သွားပြီ။ ခါတိုင်းဆို ကိုးသောင်း ဝယ်ရတယ်”

နိုင်ငံရေးအကျပ်အတည်းနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဟာ အိုးလုပ်ငန်းလုပ်ကိုင်သူတွေကို အကြီးအကျယ် ထိခိုက်နေပါတယ်။

ပြည်သူတွေဟာ ဝင်ငွေထွက်ငွေမျှဖို့ ဈေးပေါပေါနဲ့ရတဲ့ အသုံးအဆောင်တွေကို အားကိုးလာရတဲ့အတွက် ဈေးကွက်အတွင်း မြေအိုးရောင်းအားက စစ်အာဏာ မသိမ်းခင်ကနဲ့ယှဉ်ရင် ထက်ဝက်နှုန်းလောက် ကျဆင်းသွားတယ်လို့ အိုးလုပ်ငန်းရှင်တွေက ပြောပါတယ်။

အိုးလုပ်ငန်းက စီးပွားမဖြစ်နိုင်တော့တဲ့အပြင် ပုံမှန်ဝင်ငွေတစ်ခုရဖို့တောင် ရုန်းကန်လာ ရတဲ့အတွက် ဒီလုပ်ငန်းကိုစွန့်ခွာသူတွေ များလာပါတယ်။

အခုဆိုရင် အိုးလုပ်ငန်းရှင် ခြောက်ဆယ်ရာခိုင်နှုန်းကျော်က ဒီလုပ်ငန်းကို စွန့်လွှတ်လိုက်ကြပြီလို့ အိုးလုပ်ငန်းရှင်ဒေါ် လွင်လွင်အောင်က ပြောပါတယ်။

“အရင်တုန်းကဆိုရင် ရုံ ၃၀ လောက်ရှိတယ်။ အခုဆိုရင် သိပ်မလုပ်ကြတော့ဘူး။ ၁၀ ရုံဆိုတာ အများဆုံးပဲ။ နောက်ပိုင်း အဲလိုမျိုးဆိုရင်တော့ တိမ်ကောသွားမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အိုးဆရာတွေက သိပ်မရှိတော့ဘူးလေ။ အခုအိုးဆရာတွေဆို လည်း အသက် ၆၀ ကျော်၊ ၅၀ ကျော်တွေပေါ့နော်။ နောက် ၄၊ ၅ နှစ်လောက်ဆိုရင် ဒီဆရာတွေကလည်း မလုပ်နိုင်ကြတော့ဘူး။ နောက် ၄၊ ၅ နှစ်ဆိုရင်တော့ နည်းနည်းတော့ တိမ်ကောသွားမယ်ထင်တာပဲ”

လက်ရှိ အိုးလုပ်ငန်းလုပ်ကိုင်သူတွေက ဘိုးဘွားတွေရဲ့ လက်ဆင့်ကမ်းအမွေကို ထိန်းသိမ်းနေတဲ့ နောက်ဆုံးမျိုးဆက်ဖြစ်လိမ့်မယ်လို့ သူက ပြောပါတယ်။

pottery-industry.JPG
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှ အိုးလုပ်ငန်း လုပ်ကိုင်နေသူတချို့အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လုပ်ငန်းတိမ်ကောလာတဲ့အတွက် အိုးလုပ်တဲ့အတတ်ပညာကို လက်ဆင့်ကမ်းသင်ယူမယ့်သူလည်း ရှားပါးလာပါတယ်။

ဝင်ငွေနည်းနဲ့ ဒီလုပ်ငန်းကို ခေတ်လူငယ်တွေ စိတ်မဝင်စားတာကြောင့် အိုးလုပ်ငန်းဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားနိုင်တယ်လို့ ဆယ်စုနှစ် ငါးခုလောက် အိုးလုပ်ငန်း လုပ်ကိုင်လာတဲ့ အသက် ၆၅ နှစ်အရွယ် ဦးသိန်းထွန်းက ပြောပါတယ်။

“လက်ရှိလုပ်ငန်းမှာ လုပ်တဲ့သူတွေက တဖြည်းဖြည်းနဲ့ ကွယ်လွန်ကုန်ကြရင် ဒီလုပ်ငန်းကြီးက ရပ်ဆိုင်းသွားမှာ။ နောက် ဒီပညာတတ်တဲ့ လူငယ်လေးတွေဟာ တစ်ယောက်မှ မရှိတော့ပါဘူး။ ရရာအလုပ်ပဲ အပြင်ထွက်ပြီး အလုပ်ကြမ်းပဲ လုပ်နေကြတာ။ စဉ့်ထည်လုပ်ငန်းပျက်သွားပြီးတော့ အခုပန်းအိုး၊ သောက်ရေအိုး အဲဒီလုပ်ငန်းတွေ ဆက်လုပ်ကြတယ်။ အဲဒီဟာတွေလုပ်ရင်းနဲ့ ဒီကုန်းကြမ်းဈေးတွေ ကမြင့်တော့ လုပ်ငန်းရှင်တွေက အဆင်မပြေဘူး။ အဆင်မပြေတော့ တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပါ“

အိုးလုပ်တဲ့ အလုပ်သမားတစ်ဦးဟာ မနက် ၆ နာရီကနေ ညနေ ၃ နာရီအထိလုပ်ရပြီး လုပ်အားခအဖြစ် မြန်မာငွေကျပ် ၅၀၀၀ သာရတယ်လို့ ဦးသိန်းထွန်းက ပြောပါတယ်။

အိုးလုပ်ငန်းတွေ မပျောက်ကွယ်ဖို့ဆိုရင် ဒီအတတ်ပညာကို မျိုးဆက်သစ်လူငယ်တွေ သင်ယူဖို့လိုသလို ခေတ်နဲ့အညီဆန်းသစ်တဲ့အိုးတွေ ဖန်တီးနိုင်ဖို့လည်းလိုတယ်လို့ အိုးလုပ်သူတွေက ထောက်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။