ပလတ်စတစ်တွေရှင်းဖို့ အမှိုက်တစ်ပိဿာ ကျပ်တစ်ရာနဲ့ ဝယ်ယူ
2023.02.22

လူဦးရေ ရှစ်သန်းခန့် နေထိုင်တဲ့ရန်ကုန်မြို့မှာ တစ်နေ့တာ စွန့်ပစ်အမှိုက် တန်ချိန်ပေါင်း နှစ်ထောင့်သုံးရာကျော် ရှိပြီး အဲဒီအထဲက တန်ချိန် လေးရာလောက်ဟာ ပလတ်စတစ် အမှိုက်တွေဖြစ်ပါတယ်။ အဲဒီအမှိုက်တွေ အားလုံးကို လေးနေရာခွဲပြီး စွန့်ပစ်နေတာလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အရပ်ဘက်အဖွဲ့တွေက ပြောဆိုကြပါတယ်။
ဆွေးမြည့်ဖို့ခက်ခဲလှတဲ့ ဒီပလတ်စတစ် သုံးစွဲမှုကို လျှော့ချဖို့အတွက် ရန်ကုန်မြို့ အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပလက်စတစ်တိုက်ဖျက်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ သန့်(မြန်မာ) က အမှိုက်တစ်ပိဿာ တစ်ရာကျပ်နဲ့ ဝယ်ယူတဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က စတင်ခဲ့တာပါ။ ဒါကို မြို့တော်စည်ပင်သာယာက အမှိုက်မသိမ်းတဲ့ နေရာတွေမှာ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီအစီအစဉ်က အမှိုက်တွေရှင်းလင်းရေးအတွက် အလုပ်ဖြစ်စေတယ်လို့ သန့်(မြန်မာ) အဖွဲ့က မနှင်းဝေက RFA ကို ပြောပါတယ်။
“ပြောင်းလဲမှု မြင်တွေ့တာဆိုရင်တော့ အမှိုက်ရှင်းသွားတာပေါ့။ ဒါက ရှင်းရှင်း လင်းလင်းပြောရရင် အရင်တုန်းက ဒီနေရာတွေက အမှိုက်တွေ အရမ်းများတယ်။ သူတို့က သူတို့အိမ်က အမှိုက်တွေကို သူတို့ ရှင်းပြီးတော့ လာရောင်းတယ်။ သူတို့အိမ်အောက်မှာ အမှိုက်တွေမရှိတဲ့အခါ လမ်းထဲက အမှိုက်တွေကို သူတို့ရှင်းတယ်။ သူတို့ပတ်ဝန်းကျင်က အမှိုက်တွေ ရှင်းတဲ့အတွက်ကြောင့် အမှိုက်တွေ ရှင်းလင်း သွားတယ်။ အမှိုက်တွေ ရှင်းလင်းသွားတာနဲ့ နောက်ဆက်တွဲ ဘာတွေကောင်းကျိုး ရလာလဲဆိုတော့ ခြင်တွေ မရှိတော့ဘူး။ ကြွက်တွေမရှိတော့ဘူး။ သန့်ရှင်းသွားတယ်။ သူရဲ့ ကောင်းကျိုးအနေနဲ့က အမှိုက်ရှင်းလင်းသွားတယ်။ ပြီးတဲ့အခါမှာ ကျန်းမာရေး အတွက်ဖြစ်စေတာတွေလည်း လျော့ပါးသွားတယ်ပေါ့နော်”
ဒီနေရာတွေမှာ နေထိုင်ကြသူတွေဟာ စည်ပင်အဖွဲ့က သတ်မှတ်ထားတဲ့ အမှိုက်ပုံမှာ အမှိုက်သွားပစ်လို့ ရပေမယ့် အများစုကတော့ သူတို့အိမ်အောက်ကို အမှိုက်ပစ်ချ ကြတာကြောင့် သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ ရေကန်နဲ့ မြောင်းတွေဟာ အမှိုက်တွေနဲ့ ညစ်ညမ်းနေတာလို့ မနှင်းဝေက ဆိုပါတယ်။
အမှိုက်တွေ ကင်းရှင်းဖို့ အမှိုက်တစ်ပိဿာ ကျပ်တစ်ရာနဲ့ ဝယ်ယူတဲ့ အစီအစဉ်ကို ၂၀၂၂ ခုနှစ်အတွင်းမှာ အင်းစိန်၊ ရွှေပြည်သာနဲ့ ဒလမြို့နယ်တွေမှာ စတင် ဆောင်ရွက် ခဲ့တာလို့လည်း သန့်(မြန်မာ) အဖွဲ့ကပြောပါတယ်။
တောင်ဒဂုံမြို့မှာ နေထိုင်တဲ့ ဒေါ်ယဉ်မာမြင့်ကတော့ သန့်(မြန်မာ) အဖွဲ့ကပေးတဲ့ အမှိုက်ခငွေကို အမှိုက်သိမ်းဖို့အတွက် လုပ်အားခအဖြစ် သဘောထားကြောင်း RFA ကိုပြောပါတယ်။
“ပထမအိတ်လိုက်ဝေရင်းနဲ့ ရှင်းပြထားတယ်လေ။ ဝယ်တာလည်းမဟုတ်ဘူးပေါ့ လုပ်အားခသဘောမျိုးလေ ပေါ့နော်။ အဲလိုမျိုးလေးလည်း ပေးတယ်လို့ သဘောထားတယ်ပေါ့နော်။ ဒီလိုမျိုးကြီး ဝယ်တယ်လို့၊ ပိုက်ဆံ ပေးရတယ်လို့ မဟုတ်ဘူး။ လုပ်အားခလေးလည်း ရအောင် အခု လေး၊ ငါးသောင်းဖိုးကြီး ပေးရမယ့်အစား မျှပြီးတော့အိမ်ရှင်မတွေကိုလည်း ပေးစေချင်တယ်ဆို သဘောမျိုးနဲ့ပေါ့”
သန့်(မြန်မာ) အဖွဲ့ကို ရောင်းချဖို့အတွက် ရပ်ကွက်အတွင်းက အမှိုက်ကောက်တဲ့ ကလေးအပါအဝင် လူကြီးတွေဟာ တစ်ဦး ကျပ်သုံးထောင်ကနေ ကျပ်တစ်သောင်းကျော်အထိ ရကြတယ်လို့ ဒေါ်ယဉ်မာမြင့်က ပြောပါတယ်။
တောင်ဒဂုံမြို့နယ် သစ်ဆိပ်ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်အေးသူကတော့ အမှိုက်ဝယ်ယူတဲ့ အစီအစဉ်ကြောင့် အိမ်တွေနဲ့ လမ်းတွေ သန့်ရှင်းသွားသလို တစ်နေ့တာအတွက် ဝင်ငွေလည်းရတယ်လို့ပြောပါတယ်။
“ဝမ်းသာပါတယ်။ ဒီလိုအမှိုက်တွေ လာဝယ်ပေးတော့ ရပ်ကွက်လည်း သန့်ရှင်းရေး ဖြစ်သွားတာပေါ့။ အိမ်တွေလည်း သန့်ရှင်းရေးလုပ်ဖြစ်သွားတယ်။ အမှိုက်တွေလည်း ကုန်သွားတယ်။ လမ်းတွေလည်း ရှင်းသွားတာပဲ။ ကလေးတွေလည်း လိုက်ကောက် ကြတယ်လေ။ ပါဝင်ကြပါတယ်။ တချို့ကလည်း ကောက် ကောက်ဆိုပြီး အားပေးကြပါတယ်။ အလကားနေရင်း အလကားတဲ့ ကိုယ့်အိမ်တွေလည်း သန့်ရှင်းတယ်။ ပိုက်ဆံလည်း ရတယ်”

သန့်(မြန်မာ) အဖွဲ့က ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ တောင်ဒဂုံ၊ ရွှေပေါက္ကံ၊ ဒဂုံဆိပ်ကမ်းနဲ့ သန်လျင်မြို့တွေမှာ အမှိုက်တွေကို ဝယ်ယူခဲ့ပါတယ်။
ဒီလို အမှိုက်တွေဝယ်ဖို့ စတင်မကြေညာခင် ရပ်ကွက်နေသူတွေကို ပလတ်စတစ် အမှိုက်တွေကို စည်ပင်အဖွဲ့က သတ်မှတ်ထားတဲ့ အမှိုက်ပုံမှာ စနစ်တကျ သွားရောက် စွန့်ပစ်ဖို့နဲ့ ဆွေးမြည့်လွယ်တဲ့ မီးဖိုချောင်ထွက် အမှိုက်တွေကို မြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ဖို့လည်း အသိပညာပေးတာတွေ လုပ်လေ့ရှိတယ်လို့ သန့်(မြန်မာ) အဖွဲ့ ကပြောပါတယ်။
လူအများစုဟာ နေ့တဓူဝ စားဝတ်နေရေးတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရုန်းကန် နေရတာကြောင့် အမှိုက်ပြဿနာကို တွေးနိုင်ဖို့ အားနည်းခဲ့ပေမယ့် အမှိုက်ဟာ ပတ်ဝန်းကျင်အတွက် ပြဿနာတစ်ရပ် ဖြစ်တယ်ဆိုတာ သိလာ အချိန်မှာတော့ ပူးပေါင်း ပါဝင်လာကြတာတွေ့ရတယ်လို့ သန့်(မြန်မာ) အဖွဲ့ က ကိုရဲလင်းထက်က ပြောပါတယ်။
“တကယ်တမ်းဆိုရင် မလုံလောက်သေးဘူး။ ကျနော်တို့ လုပ်နေတယ်ဆိုတာက ရပ်ကွက်တစ်ခုစာ အပိုင်းတစ်ခုစာပဲ ရှိသေးတာပေါ့။ ကျနော်တို့အနေနဲ့ ဘာကိုဖြစ်စေချင်လဲဆိုတော့ ဒီရပ်ကွက်တစ်ခုကနေ မြို့နယ်တစ်ခု၊ မြို့နယ်တစ်ခုကနေ နိုင်ငံလုံး အထိကို ပူးပေါင်းပါဝင်စေချင်တယ်။ ကျနော်တို့ အားလုံးသိနေကြတာက နေ့တဓူဝ စားဝတ်နေရေးကို ဖြေရှင်းဖို့ ဒီလောက်ပဲ သိကြတာဆိုတော့ အမှိုက် ပြဿနာကို ခေါင်းထဲကို မရှိကြဘူး။ ဒါပေမဲ့ တကယ့်တကယ်တမ်း အမှိုက်က ပြဿနာဆိုတာကို သိသွားကြတဲ့အခါမှာဆို ပူးပေါင်းပါဝင်ကြဖို့က အားကောင်း ဖို့အတွက်က ပိုပြီးအဆင်ပြေလာတယ်ပေါ့”
ရပ်ကွက်အတွင်းက အမှိုက်တွေကို ငွေကုန်ကြေးကျခံပြီး ရှင်းလင်းလို့ရပေမယ့် ကိုယ်လုပ်ထားတဲ့ အရာတွေကို တာဝန်ပြန်ယူစေတတ်ဖို့နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ပလတ်စတစ်တွေ ရှင်းလင်းစေချင်တာဟာ သန့်(မြန်မာ) ရဲ့ ရည်ရွယ်ချက် ဖြစ်တယ်လို့လည်း ကိုရဲလင်းထက်က ပြောပါတယ်။
"ကိုယ့်အိမ်တွေလည်း သန့်ရှင်းတယ်။ ပိုက်ဆံလည်း ရတယ်"
မြန်မာနိုင်ငံမှာ ပလက်စတစ်အမှိုက်အများစုဟာ လူတွေနေ့စဉ်အသုံးပြုနေကြတဲ့ လူသုံးကုန်ပစ္စည်းတွေဖြစ်ပြီး ဒီပစ္စည်းတွေကိုလည်း ပြန်လည်အသုံးပြုတာ နည်းပါးသေးသလို အမှိုက်ကိုခွဲခြားပြီး စွန့်ပစ်တဲ့တာတွေလည်း အားနည်းနေတာပါ။
အမှိုက်ပြဿနာက သုံးစွဲတဲ့ ပြည်သူတွေပေါ်မှာသာ တာဝန်ရှိတာမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုး ဖြစ်စေနိုင်တဲ့ ထုတ်ပိုးမှုပုံစံနဲ့ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေနဲ့ စက်ရုံတွေမှာလည်း အများကြီးတာဝန်ရှိတယ်လို့ သန့်(မြန်မာ)က မနှင်းဝေက ပြောပါတယ်။
“အဓိက ဒီလိုအမှိုက်တွေပွလာရခြင်းရဲ့ အကြောင်းအရင်းက ဒီသဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု မရှိတဲ့၊ သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုး ဖြစ်စေနိုင်တဲ့ ထုတ်ပိုးမှုပုံစံတွေနဲ့ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေ၊ စက်ရုံတွေ၊ အလုပ်ရုံတွေမှာလည်း အများကြီး တာဝန်ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က လူထုရဲ့ ဆိုးကျိုးတွေ၊ သဘာဝပတ်ဝန်းကျင်ရဲ့ ဆိုးကျိုးတွေကို မကြည့်ဘဲနဲ့ တာဝန်ယူမှုမရှိဘူး။ ပြီးတဲ့အခါမှာလည်း သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင်၊ သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးမဖြစ်အောင် ဘယ်လိုမျိုး ထုတ်ပိုးမှုပုံစံတွေနဲ့ ထုတ်လုပ်မလဲဆိုတာကိုလည်း ကြိုးစား အားထုတ်မှု မရှိတဲ့အတွက် အခုဆိုရင် လူနေအိမ်တွေမှာ အမှိုက်တွေ များလာရခြင်းဖြစ်တယ်ပေါ့”
ကုမ္ပဏီတွေအနေနဲ့ အကျိုးအမြတ် တစ်ခုတည်းကိုမကြည့်ဘဲ ကုန်ပစ္စည်းစထုတ်တဲ့ ပထမအဆင့်ကနေ နောက်ဆုံး အမှိုက်ရောက်သွားတဲ့အထိ တာဝန်ယူသင့်သလို ပြန်ဝယ်တာတွေ၊ ပြန်လည်အသုံးချနိုင်တဲ့ လုပ်ငန်းတွေနဲ့ သန့်ရှင်းရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီတာတွေ လုပ်သင့်တယ်လို့ မနှင်းဝေကပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်ပကနေ တစ်နှစ်ကို ပလက်စတစ်တန်ချိန်ပေါင်း ခြောက်သိန်းကျော် အထိ တင်သွင်းမှုရှိနေပြီး အများစုက အသင့်စား အစားအစာထုပ်ပိုးမှုတွေ၊ တစ်ခါသုံး ပလတ်စတစ်တွေနဲ့ ပလတ်စတစ်အိတ်တွေ ဖြစ်ကြ တယ်လို့ သန့်(မြန်မာ) အဖွဲ့ကပြောပါတယ်။
မြန်မာနိုင်ငံမှာ အမှိုက်တွေကို မြစ်ချောင်းတွေအတွင်း စွန့်ပစ်ကြတာကြောင့် ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ အညစ်ညမ်းဆုံးမြစ် ဆယ်စင်း စာရင်းမှာ မြန်မာနိုင်ငံက ဧရာဝတီမြစ် ပါဝင်ခဲ့ပါတယ်။ ဧရာဝတီမြစ်အတွင်းကို နေ့စဉ်စွန့်ပစ်တဲ့ ပလတ်စတစ်ပစ္စည်း ၁၁၉ တန်အထိ ရှိတာကြောင့် ကမ္ဘာ့အညစ်ညမ်းဆုံး အဆင့် ၉ နေရာမှာ ပါဝင်လာတာလို့လည်း မြန်မာနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့ (FFI) ရဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြပါတယ်။